ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက် ကြည့်ရှုစစ်ဆေး 

ပဲခူး မေ ၉   

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ယမန်နေ့  မွန်းလွဲပိုင်းက ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

  ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက်  ဝေါမြို့နယ်၊ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။   ထို့နောက် အကောက်ခွန်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဌေး နှင့် တာဝန်ကျ ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တရားမဝင်အကောက်ခွန်မဲ့ပစ္စည်းများ၊ မော်တော်ယာဉ်များဖမ်းဆီးထိန်းသိမ်း သိုလှောင်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးသည်။    

  ဆက်လက်၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ဆပ်သွားခြုံ တာဆုံ(ဗျူဟာလမ်းဆုံ)အနီးရှိ x-Ray စစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ပြီး မူးယစ်တပ်ဖွဲ့စုများနှင့်တွေ့ဆုံခဲ့ပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကာ မူးယစ်တပ်ဖွဲ့စုအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေး သွင်းကုန်ဂိတ်အမှတ်(၁)နှင့်(၂)၊ ပို့ကုန်ဂိတ်အမှတ်(၃)တို့ရှိ ကုန်တင်မော်တော်ယာဉ်နှင့် လူစီးမော်တော်ယာဉ်များ စစ်ဆေးနေမှုနှင့် ခရီးသွားများ၏ အချက်အလက်များ တိုက်ဆိုင်စစ်ဆေးနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သက်ဖြိုးကြိုင်(ပြန်/ဆက်)