ရန်ကုန်မြို့၌ Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင် ၄၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်

ရန်ကုန်မေ ၁၀

ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့၊ MYANMAR TOURISM FEDERATION & ELITE11 & YOUTH RUN-NING CLUB MYANMAR တို့ပူးပေါင်းကျင်းပသည့် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကို ယမန်​နေ့ည​နေ ၆ နာရီခွဲတွင် ရန်ကုန်မြို့​တော်ခန်းမ​ရှေ့၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး​မောင်မြင့်၊ ရန်ကုန်တိုင်း​ဒေသကြီးဝန်ကြီးချုပ် ဦး​အောင်နိုင်သူ၊ တိုင်း​ဒေသကြီးလွှတ်​တော်ဥက္ကဋ္ဌ ဦး​ဌေး​အောင်၊ ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများ၊ ဖိတ်ကြားထားသူ များနှင့် အ​​ပြေးပြိုင်သူများ တက်​ရောက်ကြသည်။

ဦးစွာအ​ပြေးပြိုင်ပွဲအခမ်းအနားကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက- 15 Kilometer ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက် တာလွှတ်​ပေးပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ-5 Kilometer ပြိုင်ပွဲဝင်များအား သေနတ်ပစ်ဖောက် တာလွှတ်​ပေးခဲ့သည်။

ဆက်လက်၍ 15 Kilometer အ​ပြေးပြိုင်ဝင်များက ပြေးလမ်းကြောင်းအဖြစ် ဆူးလေ ဘုရားလမ်း (Start)မှ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ပြည်လမ်း၊အလုံလမ်း၊ ဦးထောင်ဘိုလမ်း၊ ဗဟန်းလမ်း၊ နတ်မောက်လမ်း၊ ကန်ရိပ်သာလမ်း၊ အထက်ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်း (Finish) အထိသတ်မှတ်ထားပြီး- 5 Kilometer လမ်းကြောင်းအနေဖြင့် ဆူးလေဘုရားလမ်းမှ (Start)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အထက်ပန်ဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင် ဘုရားလမ်း၊ ကမ်းနားလမ်း၊ ဆူးလေဘုရားလမ်းအထိ (Finish)ကိုသတ်မှတ်ထား​ကြောင်း သိရသည်။

ယင်း​နောက် Yangon Heritage Night Run 2026 အပြေးပြိုင်ပွဲကိုပြည်​ထောင်စုဝန်ကြီးဦး​မောင်မြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကပန်းဝင်လာသည့် ပြိုင်ပွဲဝင်များကို ဆုတံဆိပ်များချီးမြှင့်ခဲ့ကြသည်။

ထို​နောက်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပါဝင်ယှဥ်ပြိုင်ခဲ့သည့် အမျိုးသား ၁၅ ယောက် နဲ့ အမျိုးသမီး ၁၅ ယောက်ကိုဆုများနှင့်ဆု​ကြေး​​ငွေများ အသီးသီး​ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအပြေးပြိုင်ပွဲတွင် ၁၅ ကီလိုမီတာလမ်းကြောင်း နှင့် ၅ ကီလိုမီတာ ပွဲစဉ်နှစ်ခုတွင် ပြိုင်ပွဲဝင် ၄၀၀၀ ကျော်ဝင်ရောက်ယှဉ် ပြိုင်ကြရာ နိုင်ငံခြားသားပြိုင်ပွဲဝင် ၂၀၀ ခန့် ပါဝင်ယှဥ်ပြိုင်ခဲ့​ပြီး စင်တင်​တေးဂီတဖြင့်ကိုဖြိုးကြီး၊ ကိုသားစိုး၊ ဆုလှိုင်တို့က တေးသီချင်းများနှင့် သီဆို ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါအပြေးပြိုင်ပွဲကိုရန်ကုန်မြို့မှာရှိတဲ့ ခရီးသွားတွေကို စွဲဆောင်နိုင်မည့် ရှေးဟောင်းအမွေအနှစ် အဆောက်အုံတွေကို မြှင့်တင်ဖို့၊ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့အားကစားနည်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့၊ ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူဖို့ ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

ဆုကြေး​ငွေများက ပထမဆု ကျပ်သိန်း ၃၀၊ ဒုတိယဆု ကျပ်သိန်း ၂၀၊ တတိယဆု ၁၀သိန်း ချီးမြှင့်ပြီး စုစုပေါင်း အမျိုးသား ၁၅ ယောက် နဲ့ အမျိုးသမီး ၁၅ ယောက်စီကို ဆုချီးမြှင့်ခဲ့​ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)