ကြက်ခြေနီရှေးဦးပြုစုခြင်း (နိုင်ငံတကာအသိအမှတ်ပြု) သင်တန်းဖွင့်လှစ်

မူဆယ် မေ ၁၁

ကြက်ခြေနီရှေးဦးပြုစုခြင်း(နိုင်ငံတကာအသိအမှတ်ပြု) သင်တန်းဖွင့်ပွဲကို တက်ဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့၊ အသက်မွေးဝမ်းကျောင်း ကောလိပ်ခန်းမ၌ မေလ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် တက်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီ လက်ထောက်အတွင်းရေးမှူး မစ္စတာချိန်ဆောင်လင်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(မူဆယ်ရုံးခွဲ) ဥက္ကဋ္ဌ ဦးရှင်ဖူး၊ တက်ဟုတ်ပြည်နယ်ခွဲ ကြက်ခြေနီအသင်း ပါတီအတွင်းရေးမှူး မစ္စတာရန်စိန်၊ ဒု-ဥက္ကဋ္ဌ မစ္စတာ လီချွန်မိန်၊ အသက်မွေးဝမ်းကျောင်းကောလိပ် ဒု-ကျောင်းအုပ် မစ္စတာရန်ချင်းချိန်၊ ကျောက်ထုံးမြို့ ကြက်ခြေနီအသင်းဒု-ဥက္ကဋ္ဌ မစ္စတာကန်းကြိလင်၊ တက်ဟုန်ပြည်နယ်ခွဲ ပြည်ပရေးရာရုံး လက်ထောက်ဦးစီး၊ တက်ဟုန်ပြည်နယ်ခွဲ ကြက်ခြေနီအသင်း သတ္တမအကြိမ်မြောက် အလုပ်အမှုဆောင်ကောင်စီဝင်များ၊ တရုတ်-မြန်မာ သင်တန်းသူ/သားများ၊ ကြက်ခြေနီဝန်ထမ်းများ၊ မီဒီယာမိတ်ဆွေများ၊ အသက်မွေးဝမ်းကျောင်းကောလိပ်မှ ဆရာ/ဆရာမများနှင့် ကျောင်းသားကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“ပေါက်ဖော်ချစ်ကြည်ရေး အတူလက်တွဲဆောင်ရွက်စို့” ကြည်ခြေနီရှေးဦးပြုစုခြင်း (နိုင်ငံတကာအသိအမှတ်ပြု) သင်တန်းကို မြန်မာ-တရုတ် နှစ်နိုင်ငံ တောတောင်ရေမြေဆက်စပ်ကာ နယ်စပ်နေပြည်သူအချင်းချင်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး ရှေးကတည်းက တည်တံ့ခိုင်မြဲလျက် ရှိခဲ့ကြသည်နှင့်အတူ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကို အပြန်အလှန် ချစ်ကြည်ရင်းနှီးစေပြီး လက်တွေ့လေ့ကျင့်ဖလှယ် သင်ယူရသောပညာနှင့် အပြည်ပြည်ဆိုင်ရာစံနှုန်းများကိုအခြေခံလျက် လူသားချင်းကူညီမှု မြန်မာ-တရုတ် ချစ်ကြည်ရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ အကျိုးပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မန်စီမြို့၊ တယ်အန်းဟိုတယ် ၃ လွှာ၊ အစည်းအဝေးခန်းမ ၁ တွင် ကြက်ခြေနီအသင်းသား တက်ဟုန်(မန်စီ)မှ ၈၀ ဦး၊ မြန်မာ(မူဆယ်)မှ ၂၀ ဦး၊ စုစုပေါင်း ၁၀၀ ဦးအား ၇-၅-၂၀၂၆ မှ ၉-၅-၂၀၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး၊ မေလ ၉ ရက်နေ့ ၁၂ နာရီတွင် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပရာ သင်တန်းတာဝန်ရှိသူများက ကြက်ခြေနီရှေးဦးပြုစုခြင်း (နိုင်ငံတကာအသိအမှတ်ပြု) လက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရှရပါသည်။

ချယ်ရီမြေ(မူဆယ်)