တာချီလိတ် မေ ၁၁
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် တွဲဘက်အတွင်းရေးမှူး ဒုတိယရဲမှူး သောင်းရွှေတို့က ပြိုင်ပွဲအမျိုးအစားနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်များ ပေးအပ်သည်။
ပြိုင်ပွဲကို အခြေခံပညာစာသင်ကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပန်းချီပြိုင်ပွဲဝင်၂၁ ဦး၊ ကာတွန်းပြိုင်ပွဲဝင် ၉ ဦး၊ ပိုစတာပြိုင်ပွဲဝင် ၁၆ ဦး၊ ကွန်ပျူတာပန်းချီပြိုင်ပွဲဝင် ၅ ဦး၊ စာစီစာကုံးပြိုင်ပွဲဝင် ၁၇ ဦး၊ စုစုပေါင်း ၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင် နေမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ ခရိုင်ပညာရေးမှူး ဆရာမကြီး ဒေါ်ခင်ဝင်းကြည်နှင့် ပညာရေးဝန်ထမ်းများ၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ ဒုတိယရဲမှူး သောင်းရွှေနှင့် မူးယစ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် အမျိုးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ဇွန်လ ၂၆ ရက်တွင်ကျင်းပမည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)