ပွင့်ဖြူ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ ကြီးမှူးကျင်းပသည့် ၂၀၂၆ - ၂၀၂၇ ခုနှစ်၊ ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်း/တင်ဒါပိုက်ချက်များ ပထမအကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့က ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသော်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးထွန်းလှအောင်က လေလံတင်ရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂရန်အင်း/တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချပွဲကိုကျင်းပရာ တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးသော်ထွန်းဦးက ကြီးကြပ်သူအဖြစ်ဆောင်ရွက်ကာ မြို့နယ်ငါးလုပ်ဦးစီးဌာနမှူး ဒေါ်စံပယ်လှိုင်နှင့် အင်းလေလံရောင်းချရေးကော်မတီဝင်တို့က မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)မြို့နယ်ရှိ ဂရန်အင်း(၂)အင်းနှင့် တင်ဒါပိုက်ချက် (၁၁) ခု၊ ပွင့်ဖြူမြို့နယ်ရှိ ဂရန်အင်း(၂)အင်း နှင့် တင်ဒါပိုက်ချက် (၅)ခုတို့ကို အင်းသားကြီးများထံ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသော်ထွန်းဦးနှင့်ဝန်ထမ်းများ၊ မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်၊ ပွင့်ဖြူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် အင်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)