မြေဆီလွှာ ပြုပြင်ခြင်းအတွက် ထုံးထည့်သွင်းခြင်းနှင့် မျိုးစေ့ထုတ် တောင်သူများအတွက် မျိုးသန့်မျိုးပွား မျိုးစေ့(RS) ပေးအပ်ချီးမြှင့် 

မော်လမြိုင် မေ ၁၃

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ မြေဆီလွှာပြုပြင်ခြင်းအတွက် ထုံးထည့်သွင်းခြင်းနှင့် မျိုးစေ့ထုတ် တောင်သူများအတွက် မျိုးသန့်မျိုးပွား မျိုးစေ့(RS) ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ‌မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ၊ တောင်သူ ဦးစိုးဉာဏ်၏ လယ်မြေ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်နယ်မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်မီမီအုန်းဝင်းက ထုံးထည့်သွင်းခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအားရှင်းလင်းတင်ပြခဲ့ပြီး မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးက မော်လမြိုင်မြို့နယ်၏ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးနှင့် မိုးသီးနှံစိုက်ပျိုးမည့် အစီအစဉ်အား ရှင်းလင်းတင်ပြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်းက မွန်ပြည်နယ်သည် သဘာဝအရင်းအမြစ်များကြွယ်ဝပြီး မိုးရေချိန်ကောင်းမွန်စွာရရှိသည့် ဒေသတစ်ခု ဖြစ်သောကြောင့် နှစ်စဉ်မိုးရေချိန်များပြားသည့်အတွက် စပါး၊ ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ ကွမ်း၊ အုန်းနှင့် အခြားဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးထုတ်လုပ်ရန် အထူးသင့်တော်သော ဒေသတစ်ခုဖြစ်ကြောင်း၊ မြေဆီလွှာ၏ အရည်အသွေးကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် သီးနှံအထွက်နှုန်း တိုးတက်လာစေရန် ထုံးထည့်သွင်းအသုံးပြုခြင်းမှာလည်း အရေးကြီးတဲ့ နည်းလမ်း တစ်ရပ်ဖြစ်ပြီး မြေချဉ်ဓာတ်ကို တိကျစွာသိရှိနိုင်ရန် မြေနမူနာများကို ဓာတ်ခွဲစစ်ဆေးပြီးမှ ထုံးထည့်သွင်းခြင်းကို ဆောင်ရွက်သင့်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လိုက်နာကျင့်သုံးဖို့လိုအပ်သလို တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုတိုးတက်မြင့်မားလာမှာဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးမည့် တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့(RS)များ ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရိုးဂိုးကျေးရွာ၊ တောင်သူ ဦးစိုးဉာဏ်၏ လယ်မြေတွင် မြေဆီလွှာ ပြုပြင်ခြင်းအတွက် ထုံးထည့်သွင်းနေမှုအား ကြည့်ရှုအားပေးကာ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ ဦးသန်းထွန်းဝင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိရာ ဦးစွာရှင်းလင်းဆောင်တွင် ပြည်နယ်မွေးမြူးရေးကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြည်နယ်အတွင်း ကြက်၊ ဝက်၊ ဘဲမွေးမြူထားရှိအောင်မြင်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာသမားရိုးကျနည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ်များအသုံးပြုမွေးမြူသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးခြံသန့်ရှင်းရေးဆောင်ရွက်မှုနှင့် ရောဂါကူးစက်မှု မဖြစ်ပွားစေရေး ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ မွေးမြူးရေးခြံအတွင်း ဥစားကြက်အကောင်ရေ (၆၀၀၀) ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ဦးသက်ပိုင်စိုး၏ ၃ ဧက ငါးမွေးမြူရေးကန်တွင် ငါးတန်(၃၀၀၀)ကောင်၊ငါးမုတ်(၅၀၀၀)ကောင်၊ ငါးမြစ်ချင်း ကောင်ရေ (၃၀၀၀) နှင့် ငွေရောင်ငါးကြင်း(၂၅၀၀)ကောင် မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးကာ မွန်ပြည်နယ်အတွင်း ရေချိုငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ ငါးစားသုံးမှုဖူလုံပိုလျှံမှုရှိစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရေးတို့ကို ဆောင်ရွက်ပေးနိုင်ရေးမှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)