ဖြူးမြို့နယ်၌   မိုးရာသီ သစ်ပင်စိုက်ပျိုးနိုင်ရေး သစ်ပျိုးပင်ပေါင်း (၈၀၀၀၀) ပျိုးထောင်ထားရှိ

ဖြူး မေ ၁၃

၂၀၂၆-ခုနှစ် မိုးရာသီကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိမ်းလန်းစိုပြေစေရေး၊ အရိပ်ရရေးနှင့်သီးပင်စားပင်များပါမကျန် စိုက်ပျိုးစေရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်သစ်တောဦးစီးဌာနမှ ညောင်ပင်သာပျိုးဥယျာဉ်နှင့် ငမြွေပျိုး ဥယျာဉ်တို့တွင် သစ်ပျိုးပင်(၄၀၀၀၀)စီ  စုစုပေါင်း သစ်ပျိုးပင်ပေါင်း (၈၀၀၀၀)ကို ပျိုးထောင် ထားကြောင်း သိရသည်။

မိုးရာသီတွင်စိုက်ပျိုးနိုင်ရေး ရတနာတန်းဝင်ပင်များ၊ အရိပ်ရပင်များနှင့် သီးပင်စားပင်ပျိုးပင်များအနေဖြင့်  ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ အင်သစ်၊ မန်ဂျန်ရှား၊ ငုရွှေဝါ၊ ရေတမာပင်၊ မဟော်ဂနီ၊ စွယ်တော်၊ ကံကော်၊ မန်ကျည်း၊ သရက်၊ သစ်တို၊ ကုက္ကိုလ်၊ သခွပ်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ စသည့် ပျိုးပင်များပျိုးထားကြောင်းနှင့် လူထုအတွင်း ဖြန့်ဝေခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းနှင့် သစ်တောစိုက်ခင်းများတွင် စိုက်ပျိုးခြင်း၊ သစ်ပင်စိုက်ပျိုးပွဲများတွင် စိုက်ပျိုးခြင်းများအနေဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သစ်တောဦးစီဌာနမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)