နတ်တလင်း မေ ၁၃
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနတွင် ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် တာပွန်မြို့၊ တောင်ပိုင်းရပ်ကွက်၊ မင်းတဲလမ်း ယာယီပျိုးဥယျာဉ်၌ ပျိုးပင်ပေါင်း(၅၁၀၀၀) ပျိုးထောင်ထားရှိပြီး မြို့နယ်အတွင်း စိုက်ပျိုးသွားနိုင်ရေး ဆောင်ရွက်ထားရှိသည်။
မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ရာသီဥတု မျှတကောင်းမွန်စေရေး၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ခရေ စသည့်သစ်မျိုးပေါင်း(၁၅)မျိုးအား ပျိုးပင်(၅၁၀၀၀)ကို ပျိုးထောင်ထားရှိပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် နတ်တလင်းမြို့နယ်အတွင်း ဝါးပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးရန်အတွက် တင်းဝါး၊ ဝါးဘိုးဝါး၊ ဝါးနက် စသည့်ဝါးပင်များကိုလည်း ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
အဆိုပါ ပျိုးထောင်ထားရှိသော ပျိုးပင်များကို မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်း၊ တပ်ဖွဲ့များသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သစ်ပင်စိုက်ပွဲတော်များ ကျင်းပပြုလုပ်၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)