ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ကျောက်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

စစ်တွေ   မေ   ၁၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မအားကစားကွင်းသို့ ရောက်ရှိပြီး အားကစား ခန်းမပြုပြင်ပြီးစီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ခရိုင်ဦးစီးမှူးက ကျောက်ဖြူမြို့နယ်တွင် အားကစားပြိုင်ပွဲများကျင်းပခဲ့မှုနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့အားကစားကွင်းတွင် အားကစားသမားများ လေ့ကျင့်ကစားနိုင်ရန်အတွက် အားကစားကွင်းအားအဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့ဗိမ္မာန်ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲသို့သွားရောက်ပြီး တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား စားသောက်ဖွယ်ရာများပေးအပ်ချီးမြှင့်ကာ တပ်ဖွဲ့ခွဲမှူးရုံးခန်းမ၌ အမှတ်(၃၂) လုံခြုံရေးရဲတပ်ဖွဲ့ခွဲအတွင်း မြေထိန်းနံရံတည်ဆောက်နေမှု၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်‌နေရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် သိုင်းချောင်းလမ်းဆုံမှ သစ်ပုတ်တောင်ကျေးရွာထိ လမ်းတံတားများ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်မည့်အစီအမံများ၊ တည်ဆောက်ထားရှိမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာအနီးရှိ ကုန်းတွင်းသဘာဝဓာတ်ငွေ့စခန်း Onshore Gas Terminal, OGT သို့ သွားရောက်ကြရာ တာဝန်ရှိသူများက သဘာဝဓာတ်ငွေ့များအား ပိုက်လိုင်းများဖြင့်ပို့လွှတ်ပေးနေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များအား မေးမြန်းဆွေးနွေးပြီး ကုန်းတွင်းသဘာဝဓာတ်ငွေ့စခန်း Onshore Gas Terminal, OGT အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျောက်ဖြူ မြို့ပေါ်ရှိ မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်ကြကာ လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြသည်။ ယင်းနောက် ခရိုင်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ပြီး (၃)နှစ်အောက် ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံ‌ တိုက်ကျွေးပေးနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ကလေးငယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ကြကာ ဆေးရုံးကြီးမှ ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဧည့်ရိပ်သာ၌ ကျောက်ဖြူခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူခရိုင်၏ ဒေသဆိုင်ရာ အချက်အလက်များ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်း တင်ပြပြီး ဌာနဆိုင်ရာများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ဆန်နှင့်စားသောက် ဖွယ်ရာများ  ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ရေကြောင်းရဲတပ်ဖွဲ့ရုံး မြေနေရာနှင့် စနစ်ကျစက်မှုလယ်ယာ ဖော်ဆောင်မည့်နေရာတို့အားလည်းကောင်း၊ ကိုလိုနီခေတ် စာရေးဆရာ မောရစ်ကော့လစ် နေထိုင်ခဲ့သည့် နေအိမ်အား ရှေးမူမပျက် ထိန်းသိမ်းထားမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

မေ ၁၁ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ကာ ကျောင်းဆောင်နှင့် သိပ္ပံခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် KWS ဇီဝဇိုးငှက်သိုက် ထုတ်လုပ်ရေးသို့ သွားရောက်ပြီး သဘာဝငှက်များမွေးမြူထားရှိမှုကို လှည့်လည်ကြည့်ရှုရာ ငှက်သိုက် ထုတ်လုပ်ရေး လုပ်ငန်းရှင်က ငှက်သိုက်များအား ကုန်ကြမ်းမှ ကုန်ချောအဆင့်အထိပြုလုပ်ကာ ပြည်တွင်းဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တိုးချဲ့ မွေးမြူနိုင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရမ္မာဝတီခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်ရမည့်ကိစ္စနှင့် လတ်တလောဆောင်ရွက်‌ပေးရမည့် ကိစ္စများကိုကွင်းဆင်းလာရောက် ကြည့်ရှု ခြင်းဖြစ်ကြောင်း၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊  မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံထားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက် မည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ရက်(၁၀၀)အတွင်း ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီး ဝင်ငွေတိုးပွားရေးအတွက် ဒေသထွက်ကုန်များကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်နှင့်ဆီ ဖူလုံမှုရှိစေရေးအတွက် ဒေသတွင်းစိုက်ပျိုး ထုတ်လုပ် နိုင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ နည်းစနစ်တကျ စိုက်ပျိုး မွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းနေပျော်၍ စာတော်နိုင်ရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့်တွင် KG+9 အခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပညာရေးကဏ္ဍမြင့်မားရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊  ထို့ကြောင့် မိမိတို့သားသမီးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ် များ၊ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင် နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ၏ ပညာရေး မြင့်မားရေးအတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းအဆင့်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုပညာရပ် များသင်ကြားနိုင်ရေး၊ အထက်တန်းကျောင်းများတွင် ဥပဒေပညာများ သင်ကြားနိုင်ရေးနှင့် ပြည်သူ့နီတိနှင့်စာရိတ္တများကိုသင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကျောင်းများဥပဓိရုပ် ကောင်းမွန် ရေး၊ သန့်ရှင်းသာယာရေးအတွက်လည်း ညီညီညာညာဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသော မြို့မိ၊ မြို့ဖများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး များနှင့် ဒေသခံပြည်သူများက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများက ပြန်လည် ဆွေးနွေးပြောကြားကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြကာ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနီးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းများအဆင့်မြှင့်တင်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂုံးချွိန်ကျေးရွာအနီး ကုန်းတွင်းသဘာဝဓာတ်ငွေ့ လက်ခံရေးစခန်း Internal  Gas Station, IGS သို့သွားရောက်ကြရာ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုက်စီမံကိန်း တာဝန်ခံက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးကာ လုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)၊  ဓာတ်ပုံ- တင်ထွန်းဦး