ရေးမြို့နယ်၌ သဘာဝဘေးဖြစ်ပေါ်လာပါက အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းပစ္စည်းများစုဖွဲ့ထားရှိမှု တာဝန်ရှိသူများကြည့်ရှုစစ်ဆေး

ရေး မေ ၁၃

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက အရေးပေါ်အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် လူအင်အားအသင့်စုဖွဲ့ထားရှိခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်သည်။

ထိုသို့ ဆောင်ရွက်ထားရှိမှုကို ရေးမြို့နယ်(ခေတ္တ)တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း၊  ရေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ (ခေတ္တ) ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊

ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက လက်ထောက်မီးသတ်ဦးစီးမှူး ဦရဲကောင်းထက်နှင့် တပ်ဖွဲ့ဝင်များ၏ အရေးပေါ်အခြေအနေတွင် သဘာဝဘေးအန္တရာယ်များကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ၊ လူ၊ ယာဉ်နှင့် စက်ပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်ဆောင်ရွက်ထားရှိရန်မှာကြားထားကြောင်း သိရသည်။

ရှင်းသန့်ဖြူ (ပြန်/ဆက်)