ဘားအံ မေ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ ဆောင်ရွက်သည်။
ဘားအံမြို့နယ်အတွင်းရှိ စိုက်ပျိုးတောင်သူများ သီးနှံစိုက်ခင်းများ ရေပြည့်ဝစွာရရှိရေး ရေတင်နိုင်ရန်နှင့် မိုးစပါးမစိုက်ပျိုးမီ လယ်မြေများထွန်ယက်ပြုပြင်နိုင်ရန်အတွက် တောင်သူ တစ်ဦးလျှင် ၅ ဂါလံနှုန်းဖြင့် ကျေးရွာအုပ်စု (၁၈) အုပ်စုမှ တောင်သူ (၃၅၅)ဦးအတွက် ဓာတ်ဆီ (၁) ဂါလံလျှင် ကျပ် ၂၂၀၀၀နှုန်းဖြင့် ၉၀၀ ဂါလံ၊ ဒီဇယ်ဆီ(၁) ဂါလံလျှင်ကျပ်(၂၄၀၀၀)နှုန်းဖြင့် (၈၇၅)ဂါလံကို ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စက်သုံးဆီရောင်းချပေးခြင်းကို ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်ရေးဦးစီးဌာန ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် စက်သုံးဆီအရောင်းဆိုင်တို့ပူးပေါင်း၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရောင်းချပေးလျက် ရှိကြောင်းသိရှိရသည်။
ခရိုင်(ပြန်/ဆက်)