ပေါင် မေ ၁၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုခဲ့ကြသည်။
ပေါင်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ရင်းငြိမ်မြောက်ကျေးရွာ ကွင်းအမှတ် (၇၄၅) ရှိ တောင်သူ (၁၁) ဦး၏ လယ်မြေဧက (၁၅၀) ၊ သဗြုချောင်ကျေးရွာ ကွင်းအမှတ် (၇၄၉) ရှိ တောင်သူ (၇) ဦး၏ လယ်မြေဧက (၁၀၀) စုစုပေါင်းလယ်မြေဧက (၂၅၀) ကို မွန်ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးချိန် ရာသီအမီအဆင့်မြင့်လယ်မြေဖော်ထုတ်ခြင်းနှင့် စိုက်သမန်းထွန်ရက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့သည်။
စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နိုင်ငံတော်၏မူဝါဒအရ စားရေရိက္ခာဖူလုံစေရေးအတွက် လယ်ယာမြေအဆင့်မြှင့်တင်ခြင်းဖြင့် မိရိုးဖလာစိုက်ပျိုးနေသည့် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် လယ်ကွက်များကို စက်စွမ်းအားဖြင့်အသုံးချနိုင်ရန်အတွက် လေးထောင့်ပုံသဏ္ဍာန်ရှိ လယ်ကွက်များဖော်ဆောင်၍ မြေမျက်နှာပြင်ညီညာပြီး ရေသွင်းရေထုတ်ကောင်းမွန်သော လယ်ကွက်များအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)