ခန္တီးမြို့၌ ‌‌ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

ခန္တီး မေ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် နိုင်ငံတော်အစိုးရမှဆပ်ကပ်သော အဂ္ဂမဟာကမ္မဌာနာစရိယ ဘွဲ့‌တံဆိပ်တော်ရ ဘဒ္ဒန္တနန္ဒပါလနှင့် နိုင်ငံတော်ပရိယတ္တိသာသနတက္ကသိုလ်(မန္တလေး)မှ သာသနတက္ကသီလဓမ္မာစရိယ B.A (Buddhism) ဘွဲ့ရ အရှင်သီရိပါလတို့၏ ‌‌ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းတည့်(၁၂)နာရီအချိန်က မြသိန်းတန်စေတီ၊ မြို့ညွှန့်ဗိမာန်၌ ကျင်းပသည်။

ဦးစွာ အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘဒ္ဒန္တနန္ဒပါလထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ပင့်သံဃာ‌တော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ ပါလစာအောင် သံဃာတော်များအား  စာအောင်ဆု၊ ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် ဂုဏပူဇာအလှူတော်ငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ထေရုပ္ပတ္တိကထာဖတ်ကြားသည်။ ထို့နောက် ရတု၊ ကဗျာ၊ တေးသီချင်းများ၊ ဂါထာများဖြင့် ပူဇော်ခဲ့ကြပြီး အနုမောဒနာတရားတော်နှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတန်းပေးဝေသည်။

အဆိုပါအခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ငြိမ်းထိုက်၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဧည့်ပရိသတ်ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ကမ်းကီး(ပြန်/ဆက်)