ပွင့်ဖြူမြို့နယ်၌ ပြည်သူအကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုးရေရရှိရေး သံကိုင်းကျေးရွာအနီး ငါးဇင်ရိုင်းရိုးအတွင်း ရေမြှင့်အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်

ပွင့်ဖြူ  မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ပြည်သူ့အကျိုးပြု ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် မြောင်းဖျားသောက် စိုက်ဧကများ စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သံကိုင်းကျေးရွာအနီး ငါးဇင်ရိုင်းရိုးအတွင်း ရေမြှင့်အဆောက်အအုံ(Check Structure) တည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ငါးဇင်ရိုင်းရိုးသည် မြောက်မုန်းမြောင်းမကြီး ပေတိုင်(၁၁၃၈၀၀)ရှိ လက်တံ(၁၀) မြောင်းမှ ခွဲထွက်၍ လက်တံ(၁၀)ခွဲမြောင်းဆုံး သံကိုင်းကျေးရွာအနီးတွင်တည်ရှိကြောင်း၊ အဆိုပါရိုးပေါ်တွင် အုတ်ရိုးမြေကာနံရံ (Guide Wall) နှင့် ရေထိန်းညှိမြှင့်တင်နိုင်ရန်အတွက် ( ၃ပေ ၆လက်မ x ၆ပေ ၆လက်မ )အရွယ်အစား ရေတံခါး (၃)ပေါက် ပါရှိသည့် ရေမြှင့်အဆောက်အအုံ(Check Structure) တည်ဆောက်ခြင်းနှင့် တောင်သူရေယူမြောင်း(လယ်ကြားမြောင်း) တူးဖော်ခြင်းလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၈၅)သန်းဖြင့် ပွင့်ဖြူမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှတာဝန်ယူ၍ ရက်(၁၀၀) စီမံချက်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာထွေး ကပြောသည်။

အဆိုပါလုပ်ငန်းအား အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြောင်းရင်းပိုင်း ကွက်ဆင့်သောက်စိုက်ဧကများမှ ပိုလျှံရေများမှာ ရိုးတလျှောက်စီးဆင်းလာပြီး သံကိုင်းရိုးမှတဆင့် ဧရာဝတီမြစ်အတွင်းသို့ အလဟဿမစီးဆင်းစေဘဲ ရေမြှင့်အဆောက်အအုံတည်ဆောက်၍ ပင်းတင်ခြင်းအားဖြင့် ရေကိုအကျိုးရှိစွာပြန်လည်အသုံးပြုနိုင်ခြင်း(Reuse)ဖြင့် ဆည်ရေခက်ခဲသော မြောင်းဖျားပိုင်းရှိ စိုက်ဧရိယာများတွင် ဆည်ရေကို လွယ်လင့်တကူရရှိနိုင်စေနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မြောက်မုန်းလက်တံ (၁၀)နှင့် (၁၀-ခွဲ)မိုင်းနား မြောင်းဖျားသောက် စိုက်ဧရိယာ ကွင်းအမှတ် (၆၇၅)ရှိ စိုက်ဧကပေါင်း (၄၅၀)ခန့်အား သီးနှံစိုက်ပျိုးချိန်ရာသီအလိုက် လယ်ကြားမြောင်းမှတစ်ဆင့် စိုက်ပျိုးရေကိုလိုအပ်သလိုထိန်းညှိ၍ အချိန်နှင့်တပြေးညီပေးဝေနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါဧရိယာသည် နှစ်စဉ်ဧရာဝတီမြစ်ရေတက်၍ သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှုဘေးမှကင်းဝေးပြီး  ဆည်ရေကိုစောလျင်စွာရရှိကာ မြစ်ရေတက်အလွတ် ကြိုတင်စိုက်ပျိုးနိုင်မည်ဖြစ်သည့်အတွက် သီးနှံစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းပြီး သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)