လေရှီး မေ ၁၄
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထကကျောင်း သီတဂူဆောင်ခန်းမ၌ ယနေ့နံနက် (၉) နာရီအချိန်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် KGနှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်နည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား) ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် "ကလေးများအတွက်ဒီနေ့" သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လေရှီးမြို့နယ် မြို့နယ်ပညာရေးမှူးဒေါ်ဝင်းဌေးက အဖွင့်အမှာစကားပြောကြားရာ "Early Child Care Development (ECCD)" လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ ဆွေးနွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကျောင်းကာယဒုတိယဦးစီးမှူး ဦးတော်လဲက သင်တန်းဆိုင်ရာညွှန်ကြားချက်များ၊ သင်တန်းဆိုင်ရာစည်းကမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ အစိုးရသစ် ရက် (၁၀၀) စီမံချက်ကာလအတွင်း ပညာရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်းနှင့် သင်တန်းဆွေးနွေးပွဲတွင် သတ်မှတ်ထားသည့်စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် ရုံးဝန်ထမ်းများ၊ မူ/လယ်/ထက်ကျောင်းများမှကျောင်းအုပ်များ၊ ဘာသာပြကျောင်းဆရာ/မများ စုစုပေါင်းအင်အား (၁၂၇) ဦးတက်ရောက်ခဲ့ကြသည်။ အဆိုပါဆွေးနွေးပွဲကို (၁၄-၅-၂၀၂၆) ရက်နေ့မှ (၂၄-၅-၂၀၂၆) ရက်နေ့အထိ (၁၁) ရက်တိုင်တိုင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့ ဘာသာပြဆရာ/မ (၁၁၆) ဦး တက်ရောက်ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။