ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရည်အသွေးမြှင့်တင်ရေးအစီအစဉ် ဥပဒေမူကြမ်း ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲနှင့် ဥပဒေရေးရာအဖြာဖြာနှင့်လွှတ်တော် ဟောပြောပွဲ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပုလဲခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ဟောပြောဆွေးနွေးခဲ့သည့် ဆရာကြီး၊ ဆရာမကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး အကြီးအမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုးတို့က အဖွင့်အမှာစကား ပြောကြားကြသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ဒုတိယဥက္ကဋ္ဌတို့မှ ဟောပြော ဆွေးနွေး ခဲ့ကြသည့် ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်များအားလည်းကောင်း၊ ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များအား အသိအမှတ်ပြု လက်မှတ်များအားလည်းကောင်း ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲကို ၇.၅.၂၀၂၆ ရက်နေ့မှ ၁၄.၅.၂၀၂၆ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပြီး ဦးကျော်မိုးနိုင် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်(ငြိမ်း)၊ ဦးစောလှထွန်း အတွင်းရေးမှူး ပထမအကြိမ်ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ဦးခင်မောင်မောင် တရားလွှတ်တော်တရားသူကြီး(ငြိမ်း) တနင်္သာရီတိုင်းဒေသကြီး၊ ဦးတင်အောင် ဒုတိယဥက္ကဋ္ဌ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဦးဝင်းဆွေ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်(ငြိမ်း)၊ ဒေါက်တာခင်မောင်ဦး အဖွဲ့ဝင်(ငြိမ်း) နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး၊ ဒေါက်တာသီတာစန်း ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ဥပဒေရေးရာဝန်ကြီးဌာန၊ ဦးမြင့်အောင် မွန်ပြည်နယ်ဥပဒေချုပ်(ငြိမ်း)၊ ဦးအုန်းသန်း တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်(ငြိမ်း)၊ ဦးမြင့်အောင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်(ငြိမ်း)၊ ဦးခင်မောင်ကျော် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးခင်မောင်မောင် ညွှန်ကြားရေးမှူး(ငြိမ်း) ပြည်ထောင်စုရှေ့နေ့ချုပ်ရုံး၊ ဒေါ်ခင်မြတ်သူ ညွှန်ကြားရေးမှူး(ငြိမ်း) ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဦးစိုးမင်းဦး ဒုတိယညွှန်ကြားရေးမှူး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးတို့မှ ဆွေးနွေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)