ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်အနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ်များ တိုးမြှင့်ထုတ်ချေး

ဆင်ပေါင်ဝဲ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက် (၁၀၀) စီမံချက်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းကို ယမန်နေ့ နံနက် ၁၂ နာရီခွဲအချိန်က အဆိုပါရုံး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းက နှစ်စဥ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိရာ မိုးရာသီသီးနှံစိုက်ပျိုးသည့်တောင်သူ လယ်သမားကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် တိုးမြှင့်ထုတ်ချေးခဲ့ရာယခုအခါ နိုင်ငံတော်၏ မူဝါဒနှင့်အညီ ၂၀၂၆ ခုနှစ်၊ မေ ၁၂ ရက်နေ့မှ စတင်ထုတ်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း ပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးစန်းသော်က ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ ချေးငွေဆိုင်ရာ စည်းကမ်းချက်များအား တောင်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အကြွေးကျန်များအားလုံးပြေကြေသည့် အမှတ် (၂)ရပ်ကွက် တောင်သူ (၈၀) ဦး၊ စပါးဧက (၂၈) ဧက၊ အခြားသီးနှံဧက (၃၉၈) ဧကအတွက် စုစုပေါင်းကျပ်(၁၀၇၉.၀၀) သိန်းအား တောင်သူများလက်ဝယ်အရောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကစနစ်တကျ ထုတ်ချေးပေးခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလအတွက် ငွေကျပ်သိန်း(၈၄၃၅.၀၀)ကို အဆိုပါဘဏ်ခွဲမှ ဆက်လက်ထုတ်ချေးပေးရန်လျာထားဆောင်ရွက်ထားရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)