ဆင်ပေါင်ဝဲ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်စည်ပင်လှကျေးရွာ၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေလူမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EMဖျော်ရည်ပြုလုပ်နည်းသင်တန်းပိတ်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆက်လက်၍ သင်တန်းဆင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းဖွင့်လှစ်ခဲ့သည့် အခြေအနေအား ရှင်းလင်းပြောကြားခဲ့ရာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းကို သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ် ရက် (၁၀၀) စီမံချက်ဖြင့် ကျေးလက်နေလူမှုဘဝမြှင့်တင်ရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သဘာဝမြေဩဇာနှင့် EM ဖျော်ရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကို သင်တန်းသား/သင်တန်းသူ (၂၀) ဦးဖြင့် မေလ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)