မင်းလှမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်

အထက်မင်းလှ မေလ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပေတော(ကန္တား)ကျေးရွာအုပ်စု၊ သဖန်းချောင်းကျေးရွာတွင် ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ထုတ်ပေးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်တာဝန်ရှိသူများက ကျေးရွာနေပြည်သူများတွေ့ဆုံခြင်းနှင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲက သဖန်းချောင်းကျေးရွာ၊ အောင်သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက ရက်(၁၀၀)စီမံချက်ဖြင့် သဖန်းချောင်းကျေးရွာရှိ အိမ်ခြေ(၈၂)အိမ်အား ကျေးရွာမြေငှားဂရန်ချထားပေးနိုင်ရေးနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ကျေးရွာမြေငှားဂရန်ထုတ်ပေးမည့် လုပ်ငန်းစဉ်များနှင့် မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်နိုင်ဝင်းက မြေငှားဂရန်ထုတ်ပေးရေးဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်လုပ်ငန်းအဖွဲ့ဝင်များ၊ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များနှင့် ကျေးရွာနေပြည်သူများကမြေငှားဂရန်ဆောင်ရွက်မည့် မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ဝင်းမြတ်(အထက်မင်းလှ)