ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ပွင့်ဖြူ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂-၂၀၂၇ ဘဏ္ဍာနှစ်အတွက် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိတောင်သူများ မိုးစပါးနှင့်အခြားမိုးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် မေလ ၁၃ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးရာတွင် ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ(ယာယီ) ဘဏ်မန်နေဂျာ ဒေါ်ချောစုအောင်က သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှုနှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလသတ်မှတ်ချက်များ၊ အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့်စည်းကမ်းချက်များကို အသိပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် တာဝန်ရှိသူများက မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ လာရောက်ထုတ်ချေးသော သံကိုင်းကျေးရွာအုပ်စုနှင့် ဇီးတောကျေးရွာအုပ်စုမှ  တောင်သူ ဦးရေ ၁၈၃ ဦး၏ စပါးစိုက်လယ်မြေ ၈၂၂ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ချေးငွေပေါင်း ၂၄၆၆ သိန်းအား တောင်သူများထံ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )