တောင်ငူ မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်ယာမြေများ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးအတွက်ရည်ရွယ်ကာ မိုးစပါးစိုက်ပျိုးမည့်လယ်မြေများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့နယ်၊ ဆင်ဆိပ်ကျေးရွာအုပ်စု၊ ဇီးပင်သာကျေးရွာ၊ ကွင်းအမှတ် (၅၆၁)ရှိ တောင်သူဦးအုန်းကြိုင်၏ လယ်မြေ(၅)ဧကနှင့် ဆက်စပ်လျက်ရှိသည့် ၁၅ ဧကတွင် ကျင်းပသည်။
ဦးစွာ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် တာဝန်ရှိသူများက ဒေသခံတောင်သူလယ်သမားများအား သစ်စိမ်းမြေသြဇာစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်သည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစောဇော်ဇော်ဂျိမ်း၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တောင်သူလယ်သမားများစုပေါင်း၍ မျိုးစေ့များကြဲပက်စိုက်ပျိုးပေးခဲ့ကြသည်။
အဆိုပါ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)သည် မြေနေရာမရွေး စိုက်ပျိုးဖြစ်ထွန်းပြီး မြေတွင်းအာဟာရဓာတ်ကြွယ်ဝစေ၍ မြေသြဇာအဖြစ် အသုံးပြုနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်း၊ သီးနှံအထွက်နှုန်းတိုးတက်စေခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့နည်း၍ ကုန်ကျစရိတ်သက်သာခြင်းနှင့် လျှော်အဖြစ် အသုံးပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)