ရေနံချောင်းမြို့နယ်တွင် ရေဘေးသင့်အိမ်ထောင်စု ၃၀ အတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း ဩဂုတ် ၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဩဂုတ်လ ၃ ရက်နေ့နှင့် ၄ ရက်နေ့တို့က မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုတို့ကြောင့် ရေဘေးသင့်ခဲ့သည့် မိန်းမလှကျွန်းကျေးရွာနှင့် လမ်းလုပ်သားအိမ်ထောင်စု ၃၀ အတွက် မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ခန်းမ၌ ပြုလုပ်ခဲ့ သည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင်  မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမန်ကိုဟော နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန အငယ်တန်းစာရေး ဒေါ်အိသီရိနိုင်တို့က ရေဘေးသင့်အိမ်ထောင်စု ၃၀ အတွက် လူတစ်ဦးလျှင် တစ်ပတ်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၁၁၉ ဦးအအတွက် ထောက်ပံ့ငွေ ၂၄၉၉၀၀ ကျပ်ကို ပေးအပ်ရာ ပင်းဝကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် အုတ်ရှစ်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။     

အဆိုပါရေဘေးသင့်အိမ်ထောင်စုများမှာ ဩဂုတ် ၃ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းကာ ချောင်းရေလျှံမှုကြောင့် အုတ်ရှစ်ကုန်းကျေးရွာနှင့် နတ်ကန်ဦးကျေးရွာအကြားရှိ လမ်းလုပ်သားအိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၅၁ ဦးနှင့် ဩဂုတ် ၄ ရက်နေ့က ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မိန်းမလှကျွန်းကျေးရွာမှ အိမ်ထောင်စု ၁၄ စုတို့မှ လူဦးရေ ၆၈ ဦးတို့ ရေဘေးသင့်ခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု၍ ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ထားကြောင်းသိရသည်။

ကိုစိုးကြီး