မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်းသင်တန်း ဖွင့်လှစ်

မကွေး မေ ၂၆

ကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး၌ အခြေခံအရင်းအနှီးနည်းပါးစွာဖြင့် အိမ်တွင်းတစ်နိုင်တစ်ပိုင်မှသည် စီးပွားဖြစ်စိုက်ပျိုးပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ "ငွေနှင်းမှိုစိုက်ပျိုးပြုစုစောင့်ရှောက်နည်းသင်တန်း" ဖွင့်ပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းက အဖွင့်အမှာစကားပြောကြားပြီး မကွေးခရိုင်ဦးစီးမှူးက သင်တန်းပို့ချရခြင်း၏ ရည်ရွယ်ချက်နှင့် ငွေနှင်းမှိုစိုက်ပျိုးဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဦးစီးမှူးများနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းပြီးပါက အဆိုပါဝန်ထမ်းများမှတစ်ဆင့် မိမိတို့ဒေသရှိ တောင်သူများကို ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးသွားမည်ဖြစ်ပြီး၊ မကွေးခရိုင်အတွင်း ငွေနှင်းမှိုများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)