မြောက်ဥက္ကလာပမြို့နယ် မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေးစာစောင်များ ပြသဆောင်ရွက်

မြောက်ဥက္ကလာ မတ်  ၂၀

ရန်ကုန်တိုင်း​ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများလတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ခြင်း မခံရစေရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရုံးရှေ့မြေစိုက်ဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်မှ ကာကွယ်ပါ အသိပညာပေး ပိုစတာနှင့်စာစောင်များကို ယမန် နေ့ နံနက် ၁၀ နာရီက ပြသဆောင်ရွက်ထားရှိကြောင်းသိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် ​​ပြန်/ဆက်ဦးစီးမှူး ဒေါ်မြမြဝင်းက လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါသည် လူတစ်ဦးမှ တစ်ဦးသို့ လျင်မြန်စွာ ကူးစက်တတ်သော ရောဂါဖြစ်သောကြောင့် ကူးစက်ရောဂါဖြစ်ပွားနေသောဒေသမှ ပြန်လာသူများအနေဖြင့် မိမိထံမှတစ်ဆင့် ထပ်မံကူးစက်ခြင်း မရှိစေရန်  လိုက်နာရမည့်အချက်များ၊ နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကိုလုံခြုံစွာ ဖုံးအုပ်ခြင်းဖြင့် မိမိ၏မိသားစုနှင့် ပတ်ဝန်းကျင်ကို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးများကူးစက်ခြင်းမှကာကွယ်ရန် နည်းလမ်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ရောဂါပိုးများအားလက်နှင့်ကိုင်တွယ် ထိတွေ့ရာမှတစ်ဆင့် ကူးစက်နိုင်သဖြင့် စနစ်တကျလက်ဆေးရန် လက်ဆေးနည်းများ၊ ရောဂါဖြစ်ပွား သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့  အမြန်ဆုံး သတင်းပို့၍ ကုသမှုခံယူရန်စသည့် အသိ‌ပေးစာစောင်များကို ပြသ​၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်သူ စာငှား၊ စာဖတ်၊ Wi-fi အသုံးပြုသူ ပရိသတ်များအား စနစ်တကျလက်ဆေး၍ စာကြည့်တိုက်အတွင်း ဝင်ရောက်ရန် မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းက လက်တွေ့သရုပ်ပြပြောကြားခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)