မြစ်ကြီးနား မေ ၂၉
၂၀၂၆ ခုနှစ်၊ မြန်မာ့လက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသမီးဖူဆယ်ဘောလုံးအသင်း ဖွဲ့စည်းနိုင်ရေးအတွက် ကချင်ပြည်နယ်မှအမျိုးသမီးဖူဆယ်အားကစားသမားများအနက် ပဏာမရွေးချယ်ခံရသော အားကစားသမားများအား စေလွှတ်နိုင်ရေးအတွက် ပြည်နယ်အကြီးတန်းဖူဆယ်အမျိုးသမီး ဘောလုံးအသင်းနှင့် ခြေစမ်းကစားပွဲကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
ထိုသို့ မြန်မာ့လက်ရွေးစင်ဖူဆယ်အမျိုးသမီးဘောလုံးအသင်းအတွက် ပဏာမရွေးချယ်ခံရသော ဘောလုံးအသင်းနှင့် ပြည်နယ်အကြီးတန်းအမျိုးသမီးဘောလုံးအသင်းတို့ ခြေစမ်းယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ သွားရောက်ကြည့်ရှုအားပေး ခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်က အားကစားသမားများအား မြန်မာ့လက်ရွေးစင်အသင်းကြီးတွင် ပါဝင်ခွင့်ရရှိအောင်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားလေ့ကျင့်ကြရေး အားပေးပြောကြားကာ ဘောလုံးအသင်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ပြည်နယ်အတွင်းရှိ လူငယ်များ၏ ပညာရေးကို အားပေးဆောင်ရွက်နေသကဲ့သို့ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ရိုးရာယဉ်ကျေးမှုများကို တန်ဖိုးထားဖော်ထုတ်တတ်အောင် လက်တွဲဖော်ဆောင်ပေးနေသည် အပြည်ပြည်ဆိုင်ရာလူငယ်များ မိတ်သဟာယအသင်း IYF က ကြီးမှူး၍ Azalea Stars အကအဖွဲ့၏ နိုင်ငံတကာရိုးရာအကပြိုင်ပွဲ (2026 Cultural Dance Competition) ပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့ကြသည်။
အဆိုပါ အကပြိုင်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အနာဂတ်တွင် ဦးဆောင်ကြမည့် လူငယ်များ အနေဖြင့် ယခုလိုပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ လူမှုအကျိုးပြုလုပ်ငန်းများကို ဦးဆောင်ခြင်းမှတစ်ဆင့် ဒေသနှင့်ပြည်သူအကျိုးကို သယ်ပိုးတတ်သည့် မွန်မြတ်သော စိတ်ဓာတ်များကို လေးစားဂုဏ်ယူ ပါကြောင်းနှင့် ဆက်လက်၍လည်း ထိုစိတ်ဓာတ်ကောင်းများဖြင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် အားကြိုးမာန်တက် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားကာ လူငယ်အသင်းအဖွဲ့ ၁၀ ဖွဲ့မှ လူငယ်အစုအဖွဲ့များအလိုက် နိုင်ငံတကာရိုးရာအကများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများဖြင့် ပါဝင်ယှဉ်ပြိုင် မှုကို ကြည့်ရှုအားပေးကာ ချီးမြှင့်ငွေကျပ်သိန်း ၂၀ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ ဖားကန့်မြို့နယ် ရှရော်ခ၊ မနား၊ ဆိုင်းဂျာဘွမ်၊ ဆွတ်ရာ၊ မျောက်ဖြူကျေးရွာများနှင့် အကြဲကျေးရွာတို့မှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွား ရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စု ၁၂၁ စုတို့အတွက် ဆန် ၂၄ ပြည်ပါအိတ် ၇၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် ကလေးများ ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ်များ၊ ကျန်းမာရေးနှင့် နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
ထိုသို့ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများအနေဖြင့် တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေး ငြိမ်းချမ်းရေးအတွက် အားလုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရေးနှင့် မကြာမီမိုးရာသီကာလအတွင်း လိုအပ်ချက်များနှင့် အခက်အခဲများ ပေါ်ပေါက်လာပါက အချိန်နှင့် တစ်ပြေးညီ တင်ပြနိုင်ပါကြောင်းနှင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း အားပေးပြောကြားကာ ကျန်းမာရေးအတွက် ဆေးဝါးများဝယ်ယူနိုင်ရေး ငွေကျပ် ၁၅ သိန်းကို ထပ်မံပေးအပ်ခဲ့ ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)