တာမွေ မေ ၃၀
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တက္ကသိုလ်များလှိုင်နယ်မြေရှိ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသားတစ်ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၀)ဦးနှင့် ဝါသနာရှင်အလွတ်တန်းအဆင့် ပြိုင်ပွဲဝင်(၃)ဦး စုစုပေါင်းပြိုင်ပွဲဝင်(၁၄)ဦး အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကလိုအပ်သည်များ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)