ထန်းတပင်(ရန်ကုန်) သြဂုတ် ၆
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲဆန္ဒရှင် စာရင်းများကို ပထမအကြိမ်အဖြစ် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ရပ်ကွက်၊ ကျေးရွာ အုပ်စု (၅၉)အုပ်စုရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့မှစတင်၍ ကပ်ထား ကြေညာ ထားလျက်ရှိပြီး မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာထားရှိမှု အခြေအနေများကိုလည်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက နေ့စဉ် ကွင်းဆင်း ကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှသိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးတင့် ဦးဆောင် သော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုမှု အခြေအနေများအား မေးမြန်းခဲ့ ကြပြီး မဲဆန္ဒရှင်များ၏ အမည်မပါရှိခြင်း၊ အချက်အလက်များ မှားယွင်းခြင်း တို့အား ပြင်ဆင်ရန်နှင့် သေဆုံး သူများ၊ မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပယ်ဖျက်ရန်တို့ကို သတ်မှတ်ထားသည့် ပုံစံများနှင့်အညီ ဆောင်ရွက်ထားရှိမှု၊ ရှိမရှိတို့ကိုလည်း စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
“အမှတ်(၄)ရပ်ကွက်မှာဆိုရင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေက (၁၁၂၀)ဦးရှိတယ်။ မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုမှု အနေနဲ့ကတော့ တစ်နေ့ကိုပျမ်းမျှ(၇၀)ဦးလောက်တော့ရှိတယ်။ နောက်ပြီး မဲဆန္ဒရှင် စာရင်း လာရောက် ကြည့်ရှုဖို့အတွက်ကိုလည်း ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး ကနေပြီးတော့ အသံ ချဲ့စက်နဲ့ တစ်ရက်ခြားပေါ့ အသိပေး နှိုးဆော် ကြေညာပေးလျက် ရှိပါတယ်။” ဟု အမှတ်(၄)ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ့ အတွင်းရေးမှူး မအေးသန့်သန့်မော်ထူးက ရှင်းပြသည်။
ထန်းတပင်မြို့နယ်အတွင်း ပထမအကြိမ်မြောက် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာမှုများကို ရပ်ကွက်/ ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်လ(၂၅)ရက်နေ့မှ သြဂုတ်လ (၇)ရက်နေ့အထိ (၁၄)ရက် တာ ကပ်ထားကြေညာသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ကျား (၅၉၁၅၆) ဦး၊ မ(၆၆၀၆၈) ဦး စုစုပေါင်း (၁၂၅၂၂၄)ဦး ရှိကြောင်း သိရသည်။ ထို့အပြင် ထန်းတပင် မြို့နယ်အတွင်း ရပ်ကွက် ကျေးရွာ အုပ်စု(၅၉)အုပ်စု တို့တွင် မဲရုံပေါင်း(၁၁၆)ရုံထား ရှိသွားမည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက်အဖြစ် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ အတွင်း၌ (၁၄) ရက်တာ ထပ်မံ၍ကပ်ထား ကြေညာ ပေးသွားမည် ဖြစ်ကြောင်း လည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)