မိုင်းဆတ် ဇွန် ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်အဆင့်အမျိုးသမီးကော်မတီကကြီးမှူး၍ ကလေးသူငယ်များ၏ အခွင့်အရေးများကိုကာကွယ်ပေးရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်သည့် အနာဂတ်သားကောင်းရတနာများဖြစ်လာအောင် ပြုစုပျိုးထောင်ပေးရန်ရည်ရွယ်၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်) ခန်းမဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဦးကောင်းထက်မင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးတို့က ကလေးသူငယ်ဆိုင်ရာဥပဒေများ၊ အခွင့်အရေးများ၊ လိင်အကြမ်းဖက်မှုနှင့်ကြိုတင်ကာကွယ်ဆိုင်ရာများကို ဟောပြောဆွေးနွေးသည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို တာဝန်ရှိသူတို့က ပြန်လည်ဖြေကြားပေးပြီး မေးခွန်းများပြန်လည်မေးမြန်းကာဖြေဆိုနိုင်သည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)