တာချီလိတ် ဇွန် ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အောင်မြတ်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက အမှာစကားပြောကြားပြီး ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုဖော်ပြသည့် ဗီဒီယိုကို ပြသသည်။
ထို့နောက် ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ဆုရရှိရန် ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းပြိုင်ပွဲတွင် ပြည်နယ်အဆင့် ပထမဆုနှင့် အမျိုးသားအဆင့် တတိယဆုရရှိခဲ့သည့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မယ်ဟုတ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သောနေရာဒေသ (ကျေးရွာ) အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မယ်လိတ်ပါကော်ကျေးရွာတို့နှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်ဌာနဆိုင်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူတို့က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့မှ ခင်းကျင်းပြသထားသည့် အထိမ်းအမှတ်ပြခန်းများအား ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသပြီး အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း