ပင်လုံမြို့၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပ

ပင်လုံ ဇွန် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ရှိ သာသနာ့ရက္ခိတဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့်ဌာနဆိုင်ရာများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး ပင်လုံမြို့ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်မြို့နယ် ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်မှ မြို့ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးကိစ္စရပ်များနှင့်ပတ်သက်သည့်လိုအပ်ချက်များကို ဆွေးနွေးခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးမှ မြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ်များနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပြောကြားခြင်းနှင့် ပင်လုံမြို့နေ မိဘပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းဝေးစေရန်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာအသိပညာပေးအကြောင်းအရာများကို လွိုင်လင်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့အမှတ် (၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်ကောင်းမြတ်ကျော်မှ အသိပညာပေးဆွေးနွေးခဲ့ပြီး မိဘပြည်သူများက သိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက် (၄) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်တို့မှ မိမိတို့ရပ်ကွက်/​ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ရမည့် လိုအပ်ချက်ကိစ္စရပ်များကို ဆွေးနွေးတင်​ပြတောင်းဆိုခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။

ထို့နောက် ရပ်ကွက် (၄) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများက ပင်လုံမြို့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အား တစ်ရပ်ကွက်လျှင် ငွေကျပ် (၃) သိန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၂) သိန်းကို ထောက်ပံ့ပေးခဲ့ပြီး တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးမှ လက်ခံရယူပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ နိဂုံးချုပ် အမှာစကားပြောကြားကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ပင်လုံမြို့ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ လုပ်ငန်းရှင်များ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)