မိုင်းဆတ် ဇွန် ၅
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် MCCT အာဟာရအသိပညာပေးဆင့်ပွားသင်တန်းကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးနေဝင်းဟန်က အဖွင့်အမှာစကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် MCCT လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ လူမှုဝန်ထမ်း(၃) ဦးစိုင်းဖုန်းမှ MCCT အစီအစဉ်ထောက်ပံ့ခြင်းနှင့် အကျိုးခံစားခွင့်လျှောက်ထားရာ၌ လိုအပ်သောအချက်အလက်များကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်နန်းဝိုငင်းက အာဟာရအကြောင်းကိုလည်းကောင်း၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယမန်နေဂျာ ဒေါ်သန္တာရင်က MCCT ထောက်ပံ့ငွေထုတ်ယူရေးကိစ္စကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးသည်။
အဆိုပါ MCCT အာဟာရအသိပညာပေးသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးဌာနမှဝန်ထမ်းများ၊ မူကြိုဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)