ဒေါပုံ ဇွန် ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ရပ်ရွာအတွင်းရှိ ပြည်သူများထံအရောက် ကွင်းဆင်းကာ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးတို့အတွက် အသိပညာပေးဟောပြောပွဲကို ဇွန် ၄ရက်နေ့ ညနေ ၃ နာရီအချိန်က ယမုံနာ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ထိုသို့အသိပညာပေးဟောပြောရာတွင် ဒေါပုံမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးသိန်းဇော်လှိုင်က ပြည်သူများဘဝအေးချမ်းလုံခြုံစေရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် လှည့်ကင်း ပတ်ကင်းများဖြင့်ဆောင်ရွက်နေမှုများ၊ မှုခင်းကျဆင်းရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု ကဏ္ဍ၏အရေးပါမှုများ၊ မှုခင်းမဖြစ်ပွားစေရန် ဂရုပြုရမည့်အချက်များကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် ဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက် လာကြသည့်ပြည်သူများက မှုခင်းကျဆင်းရေးနှင့်သက်ဆိုင်သည့် သိလိုသည်များနှင့် ပတ်သက်၍ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)