မိုင်းရယ် ဇွန် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ဥပဒေရုံး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) မန်ပုံကျေးရွာတွင် ပြုလုပ်သည်။
အဆိုပါ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က လူငယ်များနှင့် ကျောင်းသား/ကျောင်းသူများ သိထားသင့်သည့် လူကုန်ကူးမှုအန္တရာယ်များကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးတေဇာထက်အောင်က ဥပဒေအရ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလာက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေက ကျောင်းသားလူငယ်များ စာဖတ်ခြင်းအကျိုးကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက လူငယ်နှင့် အားကစားအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေးဟောပြောပါသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခမ်းမိုက အ.လ.က(ခွဲ) မန်ပုံကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်ပါသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နယ်လှည့်စာကြည့်တိုက်ကိုပြုလုပ်ရာ အ.လ.က(ခွဲ)မန်ပုံမှ ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်