ရန်ကုန် ဇွန် ၆
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသား/ကျောင်းသူများက “ရန်ကုန်အားကစားသိပ္ပံ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီးနောက် အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးသည် အမျိုးသားရေးတာဝန်ကြီးတစ်ရပ်ဖြစ်ပြီး အားကစားအောင်မြင်မှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာပင်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သွေးသစ်လောင်းနိုင်မည့် ထူးချွန်ထက်မြက်သော လူငယ်မျိုးဆက်သစ် အားကစားသမားများ စဉ်ဆက်မပြတ် ထွက်ပေါ်လာစေရန်အတွက် ၁၉၉၇-၁၉၉၈ ပညာသင်နှစ်မှ ယခုပညာသင်နှစ်အထိ ဖွင့်လှစ်ခဲ့ရာ (၂၉)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်လေ့ကျင့်ရေးသင်တန်းကို အားကစားနည်း (၁၅)နည်းဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးရရှိခဲ့ပါကြောင်း၊ အားကစားနှင့်ပညာရေးပေါင်းစပ် အထက်တန်းကျောင်းများသည် အားကစားသာမက ပညာရေးကိုပါ ထူးချွန်အောင် သင်ကြားပေးရမည်ဖြစ်သည့်အတွက် ဝါသနာ၊ စေတနာ၊ အနစ်နာအရင်းခံ၍ ဆရာ့ကျင့်ဝတ်နှင့်အညီ ပြုစုပျိုးထောင်ပေးသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အစီအစဉ်အရ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ တောင်ကြီးနှင့် လွိုင်ကော် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းအတွက် ကျောင်းတစ်ကျောင်းလျှင် အလှူငွေကျပ်သိန်း(၁၀၀) နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း(၆၀၀) အားလည်းကောင်း၊ Golden Park SPA Land and Hotel မှ အလှူငွေကျပ် (၁၁၁)သိန်းနှင့် မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်မှ လှူဒါန်းငွေကျပ် (၁၀)သိန်း၊ စုစုပေါင်းငွေကျပ် (၁၂၁)သိန်းအားလည်းကောင်း၊ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်မှ အလှူငွေကျပ်သိန်း(၁၀၀) တို့အားလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အမှာစကား ပြောကြားခဲ့ပြီး အလှူငွေကျပ်သိန်း(၁၀၀) လှူဒါန်းပေးအပ်ခဲ့ရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးထွန်းထွန်းဦးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ES4E ကိုယ်ပိုင်အထက်တန်းကျောင်းမှ အလှူငွေကျပ်သိန်း(၁၀၀) လှူဒါန်းရာ ဝန်ကြီးချုပ် ဦးအောင်နိုင်သူက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အလှူရှင်များက အားကစားနှင့်ကာယပညာကျောင်း အကျိုးတော်ဆောင်ရန်ပုံငွေသို့ စုစုပေါင်းငွေကျပ် (၁၁၉၄)သိန်း (၅)သောင်းနှင့် သင်တန်းသား/သင်တန်းသူများအတွက် ငွေကျပ် (၁၀)သိန်းတန်ဖိုးရှိ ဗိုဗီနမ်ဝတ်စုံ (၁၂)စုံ၊ ငွေကျပ် (၁၀)သိန်းတန်းဖိုးရှိ ခဲဆံဘောပင်နှင့် ခဲသားဒါဇင် (၂၀၀)တို့အား ပေးအပ်လှူဒါန်းခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့က အသီးသီးလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ပြီး အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများက ဝူရှူးအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့နှင့်အတူ တာဝန်ရှိပုဂ္ဂိုလ်များက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားကစားနည်းအလိုက် ခင်းကျင်းပြသထားသည့် အားကစာအထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ရောက်ရှိပြီး ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့မှ အောက်တိုဘာလ (၄)ရက်နေ့အထိ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့တွင် ကျင်းပမည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက် စခန်းသွင်းထားသော အားကစားသမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်အောင် ဆက်လက်ကြိုးစားသွားကြရန် အားပေးစကားပြောကြားခဲ့ပြီး အစည်းအဝေးခန်းမ၌ ခင်းကျင်းပြသထားသည့် ပြိုင်ပွဲသုံးအထောက်အကူပြုပစ္စည်းများနှင့် အပြေးခြေတုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် မသန်ပေမယ့် စွမ်းဆောင်နိုင်သူများဖြစ်သည့်အတွက် မိမိအနေဖြင့် များစွာဂုဏ်ယူပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း ထိုက်ထိုက်တန်တန် အားပေးဂုဏ်ယူ ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ရက်(၁၀၀) စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ချက်များတွင် အားကစားကို အခြေခံကစတင်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်မှုနှင့် စခန်းသွင်းလေ့ကျင့်ရေးတို့၌ စနစ်တကျမှန်ကန်စွာ လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးရယူပြီး အမိမြန်မာနိုင်ငံတော်အလံကို တိုင်ထိပ်တွင်လွှင့်ထူနိုင်ခြင်းဖြင့် မိမိတို့၏ တိုင်းပြည်ဂုဏ် မြှင့်တက်လာပြီး နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာ ရောက်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးနှင့် အမှုဆောင်များက အဖွဲ့ချုပ်၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မျိုးဆက်သစ်အားကစားသမားများ ရှာဖွေစုဆောင်းထားရှိမှုများ၊ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်မည့် အားကစားနည်းများ၊ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိခဲ့သည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ စခန်းသွင်းလေ့ကျင့်မှုနှင့် နေထိုင်သွားလာ စားသောက်ရေးကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရေး၊ ပညာရေးအခြေခံကောင်းမွန်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများ မွေးထုတ်နိုင်ရေးအတွက် အတန်းပညာများ သင်ကြားပေးနိုင်ရေး၊ ရွှေတံဆိပ်ဆုများစွာရယူပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှု၌ ယခင်ရရှိခဲ့သည့်အဆင့်ထက် သာလွန်အောင် ကြိုးစားသွားကြရန်နှင့် အားလုံးဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်သွားကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီးနောက် ဖူဆယ်၊ မျက်မမြင်ဂိုးလ်ဘော၊ ထိုင်လျက်ဘော်လီဘောလေ့ကျင့်ရေးရုံ၊ Synthetic ပြေးလမ်းပါ ဘောလုံးကွင်း၊ ကစားသမားအိပ်ဆောင်များ၊ ရေကူးကန်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး စနစ်တကျရှိစေရေး အစဉ်အမြဲသန့်ရှင်းသပ်ရပ် သာယာလှပစေရေး၊ ရေရှည်ထိန်းသိမ်းမှု ကောင်းမွန်စေရေးနှင့် အခြားလိုအပ်ချက်များနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)