မော်လမြိုင် ဇွန် ၅
မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်သည် ပြည်နယ်ဥပဒေအရာရှိ၊ ဒုတိယပြည်နယ် ဥပဒေအရာရှိများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှေ့ပြေးဥပဒေရုံး မော်လမြိုင်ခရိုင်နှင့် ရှေ့ပြေးဥပဒေရုံး မော်လမြိုင်မြို့နယ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဦးစွာ မွန်ပြည်နယ်ဥပဒေချုပ် ဒေါ်မိသန္တာမြင့်က ရှေ့ပြေးဥပဒေရုံး မော်လမြိုင်ခရိုင်နှင့် ရှေ့ပြေးဥပဒေရုံး မော်လမြိုင်မြို့နယ်များတွင် ရှေ့ပြေးဥပဒေရုံးများ၏ ဖွဲ့စည်းထားမှုနှင့် စပ်လျဉ်း၍ ရှေ့ပြေးဥပဒေရုံးများတွင် ရှိရမည့်သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးရာ မော်လမြိုင်ခရိုင်ဥပဒေအရာရှိ ဦးကိုကိုမောင်နှင့် မော်လမြိုင်မြို့နယ် ဥပဒေအရာရှိ ဒေါ်နှင်းယုထွေးတို့က လိုက်လံရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဥပဒေအရာရှိ ဦးအောင်ကိုမြတ်က ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်က ရှေ့ပြေးဥပဒေရုံးများသည် လက်ရှိပုံမှန် တာဝန်ထမ်းဆောင်နေသည့် လုပ်ငန်းများကို အထူးပြု၍ စံနမူနာပြု ဆောင်ရွက်ရသည်ဖြစ်၍ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ အနေဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေ့ပြေး ဥပဒေရုံးများကို တည်ထောင်ရခြင်းမှာလည်း ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်းအရ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အပြစ်ရှိသူကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ပေးနိုင်ရန် ပြည်သူများအား ရသင့်ရထိုက်သည့် အကာအကွယ်ရအောင်လည်း လုပ်ပေးကြရန်၊ ဥပဒေနှင့် ပတ်သက်၍ တန်းတူခံစားခွင့် ရရှိစေရေး ဆောင်ရွက်ရန်ဆိုတဲ့ နိုင်ငံသမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ရှေ့ပြေး ဥပဒေရုံးများ အနေဖြင့် အမှုများတွင် နစ်နာသူနှင့် အဓိကသက်သေများ တရားရုံး၌ ကြောက်ရွံ့မှုကင်းပြီး ဖြစ်ရပ်မှန်ကို မှန်ကန်ပြည့်စုံစွာ ထွက်ဆိုပေးနိုင်ရေး နှင့် သက်သေထွက်ဆိုချက်များကို သင်ကြားပြသပေးခြင်းမျိုး မဟုတ်ဘဲ အချိန်ကာလ ကြာမြင့်သည့်အချိန်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်၍ ပြန်လည်မှတ်မိပြီး အဖြစ်မှန် ထွက်ဆိုနိုင်ရေးအတွက် ကူညီပေးနိုင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)