ဒဂုံမြောက် ဇွန် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာတို့ ပူးပေါင်းကျင်းပသော ဥပဒေရေးရာအသိပညာပေး ပြည်သူ့စကားဝိုင်း (Public Talk)ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၂၉)ရပ်ကွက်၊ ကျက်သရေဆောင်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ပြည်သူ့စကားဝိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက ဒီမိုကရေစီစနစ်၏ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူတို့အကြား ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အရေးများ ဖော်ဆောင်ပေးနိုင်ရန် မိမိတို့ရပ်ရွာဒေသများတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကို အများပြည်သူကြားတွင် ဆွေးနွေးမှုများရှိလာစေရန်နှင့် ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဇာဇာဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဇော်ဝင်း၊ အမှတ်(၃၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ဒုရဲမှူးဇော်ဝင်းမိုးတို့က တရားဥပဒေ စိုးမိုးရေး၊ မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ဥပဒေရေးရာများနှင့်ပတ်သက်၍ လူမှုပတ်ဝန်းကျင် ဖြစ်လေ့ရှိသော ရာဇဝတ်မှုများ၊ ပြစ်မူပြစ်ဒဏ်များ ဥပဒေဆိုင်ရာ အသိပညာပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် မှုခင်းပညာပေးဆိုင်ရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး ရပ်ကွက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ဆွေးနွေးဖြေကြားခဲ့သည်။
အဆိုပါ ပြည်သူ့စကားဝိုင်း(Public Talk)သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ရက်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ