ရန်ကုန် ဇွန် ၇
ကြက်ခြေနီအသင်းခွဲရုံးသစ် ဖွင့်ပွဲကိုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၁)ထူပါရုံရပ်ကွက်၊ ထူပါရုံ(၁၂)လမ်းအနောက်၊ အမှတ်(၁၈၀၄)၊ သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးချုပ် ဦးကျော်မျိုးကြည်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးသစ်ဖွင့်ပွဲ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးကြသည်။
ထို့နောက် အခမ်းအနားအား စတင်ရာ သာကေတမြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ကြက်ခြေနီ တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေတက်ဆက်သည်။ ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
၎င်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်က အလှူရှင်များအား ကျေးဇူးတင်စကားနှင့် သာကေတမြို့နယ်၊ကြက်ခြေနီအသင်းခွဲအား ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ကြက်ခြေနီအသင်းခွဲရုံးအဆောက်အဦအား ချီကျိဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးကျော်ခင်နှင့် မြန်မာ နိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ မျိုးညွန့်တို့က သာကေတမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် သာကေတမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ဦးရွှေရိုး၊ ဒေါ်မိုးအကဖြင့် ဖျော်ဖြေတင်ဆက်သည်။
၎င်းနောက် သာကေတမြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးအဆောက်အဦအတွက် လိုအပ်သောပစ္စည်းများ လှူဒါန်းသော အလှူရှင်များအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)