တွံတေး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ကရင်ရိုးရာစာပေသင်တန်းနှင့် အခြေခံ စက်ချုပ်သင်တန်းကို ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီက တွံတေးမြို့နယ်၊ တွံတေးဝကျေးရွာအုပ်စု၊ အဂါတ်တန်းကျေးရွာ ပန်းဥယျာဥ်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေဝင်းတို့က အမှာစကားများပြောကြားကြသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် တွံတေးမြို့နယ် ကရင်စာပေနှင့် ယဥ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးဟိုက်စင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့်တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
ထို့နောက် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများနှင့်တက်ရောက် လာကြသော ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။ သင်တန်းတွင် ကရင်ရိုးရာစာပေသင်တန်း၌ သင်တန်း သား၊ သင်တန်းသူ (၂၁)ဦး၊ အခြေခံစက်ချုပ် သင်တန်းတွင် သင်တန်းသူ (၂၃)ဦးတို့ တက်ရောက်ကာ သင်တန်းမှာတစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း၊ တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ တွံတေးခရိုင်မှ ဦးစီးအရာရှိ ဦးမျိုးလွင်၊ တွံတေးမြို့နယ်မှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းထက်အောင်၊ တွံတေးမြို့နယ် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။
မျိုးလှိုင် (တွံတေး)