မွန်ပြည်နယ် စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး ပေါင်မြို့နယ်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံ

ပေါင် ဇွန်

မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ တောင်သူလယ်သမားများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တောင်သူလယ်သမားများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးက လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေး၊ ဆည်မြောင်းတို့မှ ပူးပေါင်း၍ တောင်သူများ၏ လိုအပ်ချက်များကို အားလုံးဝိုင်းဝန်းကူညီ ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန်နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း တွေ့ဆုံပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တောင်သူလယ်သမားများက ရေနုတ်မြောင်းများ တူးဖော်ပေးရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ချေငွေလုံလောက်စွာ ရရှိရေး၊ ရေထိန်းတံခါးများ ပြုပြင်ပေးရေး စသည့် လိုအပ်သည်များကို တင်ပြတောင်းခံ‌ခဲ့ကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေး တိုးတက်စေရန်အတွက် သီးနှံအထွက်နှုန်းတိုးတက်ရေး သာမက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များထုတ်လုပ်ပြီး တောင်သူများ ဝင်ငွေတိုးစေဖို့ အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး စားနပ်ရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားအောင် ဆောင်ရွက်သည့်နေရာတွင် တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုသလို တောင်သူများ၏ လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာဖြစ်ကြောင်း မှာကြား၍ တောင်သူလယ်သမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးသည် ပေါင်မြို့နယ် ကျွဲခြံရေထိန်းတံခါးအား ကြံ့ခိုင်မှု၊ ရေဝင်ရောက်မှု အခြေအနေတို့အား လှည့်ကြည့်ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/‌‌ဆက်)