မကွေး ဇွန် ၈
ပြည်သူ့စစ်မှုထမ်းအပတ်စဉ်(၁)နှင့်(၂)တို့တွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီးနေရပ်သို့ ပြန်လည်ရောက်ရှိလာသော ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုုချီးမြှင့်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခြင်း အခမ်းအနားကို ဇွန် ၆ ရက်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နေရပ်ပြန်ပြည်သူ့စစ်မှုထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိမိတို့အသက်အရွယ်၊ အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များဖြင့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက်ပေးအပ်လာသည့် စစ်မှုထမ်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို လှိုက်လှိုက်လှဲလှဲအသိအမှတ်ပြုဂုဏ်ယူပါကြောင်းနှင့် စစ်သည်တော်ကောင်းများ၏စိတ်ဓာတ်ဖြင့် မိမိဒေသအကျိုး၊ မိမိနိုင်ငံတော်အကျိုးကို ဆက်လက်သယ်ပိုးထမ်းဆောင်သွားရန် တိုက်တွန်းပါကြောင်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း အပတ်စဉ်(၁)နှင့်(၂)တို့တွင် မကွေးတိုင်းဒေသကြီးမှ တာဝန်ထမ်းဆောင်ခဲ့ကြသူ ၃၁၆ ဦးအတွက် တစ်ဦးလျှင်ငွေကျပ်(၁)သိန်းနှုန်းဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကာ ဂုဏ်ပြုညစာကိုအတူတကွ သုံးဆောင်ခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုညစာ သုံးဆောင်နေစဉ်အတွင်း အနုပညာရှင်များနှင့် ပြည်သူ့စစ်မှုထမ်းများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကာ၊ သီဆိုဖျော်ဖြေရေးအဖွဲ့များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ကြောင်းနှင့် အခမ်းနားအပြီးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက နေရပ်ပြန်နိုင်ငံ့သားကောင်းပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)