ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၇၇၀၀ ကျော်စိုက်ပျိုးမည်

ကျွန်းလှ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက ၇၇၀၀ ကျော် လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ကျွန်းလှမြို့နယ်မှာ ဒီနှစ်မိုးရာသီ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးရန် ၇၇၄၅ ဧကလျာထားပါတယ်။ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နေကြာနဲ့ နှမ်းသီးနှံတွေကို မေလဆန်းက စတင်စိုက်ပျိုးကြပါတယ်။ လျာထားချက်ပြည့်မီအောင် တောင်သူတွေ ဆက်လက်စိုက်ပျိုးနေကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်း မျိုးသန့်များရရှိရေး ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ပညာပေးခြင်း၊ သင်တန်းများ ဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြစိုက်ပျိုးခြင်းနှင့် စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။

ကျွန်းလှမြို့နယ်တွင် ယာမြေဧက ၄၈၀၀၀ ကျော်ရှိပြီး မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် မိုးရာသီ၌ ဆီထွက်သီးအဖြစ် မြေပဲ ၇၅၈၂ ဧက၊ နှမ်း ၄၃ ဧက၊ နေကြာ ၁၂၀ ဧက လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

မျိုးဝင်းညို ကျွန်းလှ