ချောက်မြို့၌ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးအသိပညာ ပေးလုပ်ငန်းများဆောင်ရွက်

ချောက် ဇွန် ၈

မကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ ​အပတ်စဉ်တနင်္လာ နေ့တိုင်းပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရေး နေ့သတ်မှတ်၍ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၉နာရီအချိန်က ချောက်မြို့မ​စျေးအတွင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ အားပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးထုတ်ပိုးသုံးစွဲ​စေ​ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိ ဒေါ်လတ်လတ်ဌေး ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကော်မတီဝင်များပူး​ပေါင်း၍ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစားထိုး အင်ဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်စသည့် အခြားထုပ်ပိုးပစ္စည်းများ အသုံးပြုရောင်းချရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်၊ ပလတ်စတစ်အသုံးပြုမှုလျော့ချရေး အစားထိုးအိတ်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)