နေပြည်တော် ဇွန် ၈
နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂ဝ၂၆) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ကော်မတီအဖွဲ့ဝင်များ ခရီးသွားလုပ်ငန်းရှင်များနှင့် နေပြည်တော်ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပပြုလုပ်တဲ့ နေပြည်တော်ကောင်စီ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီရဲ့ ၂/၂၀၂၆ ကြိမ်မြောက် အစည်းအဝေးကို နေပြည်တော်ကောင်စီအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဖြစ်သော နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရန်အတွက် ကဏ္ဍစုံမှကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ခရီးသွားလုပ်ငန်း ကဏ္ဍအနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် အစိုးရ - ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးတို့အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ နေပြည်တော်သည် နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး မြင့်မားတဲ့စံနှုန်းများနှင့် ဖွံ့ဖြိုးတိုးတက်ရမည့် မြို့တော်တစ်ခု ဖြစ်သောကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာသော၊ စိမ်းလန်းစိုပြေသော၊ ခရီးသွားများ လာရောက်လည်ပတ်ဖွယ်ရာ မြို့တော်တစ်ခုဖြစ်လာစေရေးကို နေပြည်တော်ကောင်စီအနေဖြင့် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အကြီးအကဲအနေဖြင့်လည်း နေပြည်တော်ကို Clean City, Green City, Smart City ဖြစ်စေရန်အတွက် လမ်းညွှန်မှု ပြုထားတာကိုလည်း သိရှိကြပြီးဖြစ်ပါကြောင်း၊ SMART City ဆိုတာကတော့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး ခေတ်မီဆန်းသစ်သော စီမံခန့်ခွဲမှုစနစ်များနှင့် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုတို့ကို ပေါင်းစပ်အသုံးပြုပြီး စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်နှင့် အုပ်ချုပ်ရေးကဏ္ဍများကို ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်စေပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သော မြို့တစ်မြို့ကို ဆိုလိုပါတယ်၊ SMART City ဆိုတာဟာ နည်းပညာတိုးတက်မှုကိုသာ အခြေခံသည့် မြို့တော်တစ်ခုမဟုတ်ဘဲ လူသားဗဟိုပြု ဖွံ့ဖြိုးတိုးတက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် စီးပွားရေးတိုးတက်မှုတို့ကို ဟန်ချက်ညီညီ ပေါင်းစပ်ထားသော အနာဂတ်မြို့တော်ပုံစံတစ်ရပ်ဖြစ်သောကြောင့် အစိုးရကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် ပြည်သူလူထုတို့၏ပူးပေါင်း ဆောင်ရွက်ဖို့ အလွန်အရေးကြီးပါကြောင်း၊ SMART City ၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ SMART Economy ဆိုတာဟာ နည်းပညာအသုံးပြုမှု၊ တီထွင်ဆန်းသစ်မှုနှင့် ထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ခြင်းတို့ကို အခြေခံတဲ့စီးပွားရေးစနစ် တစ်ရပ်ဖြစ်ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍမှာလည်း ဒစ်ဂျစ်တယ်နည်းပညာများ၊ Online Booking System များ၊ Digital Payment System များ၊ Smart Tourism Platform များကို အသုံးပြုခြင်းဖြင့် ဝန်ဆောင်မှုအရည်အသွေး မြင့်မားလာစေပြီး ခရီးသွားဧည့်သည်များ၏ စိတ်ကျေနပ်မှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှာ ခရီးသွားဧည့်သည်များအား ဝန်ဆောင်မှုအရည်အသွေးမြင့်မားစွာ ပေးနိုင်ရန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှု (၃) မျိုးသင်တန်းကို ဇွန်လမှ ဇူလိုင်လအထိ ရက်သတ္တပတ် (၄) ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမှာဖြစ်တာကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများမှ စိတ်ပါဝင်စားစွာ တက်ရောက်ကြစေလိုကြောင်း၊ ဟိုတယ်လုပ်ငန်းများဟာ စွမ်းအင်ကို အများဆုံးအသုံးပြုတဲ့လုပ်ငန်းများဖြစ်တဲ့အလျောက် စွမ်းအင်ကဏ္ဍနဲ့ပတ်သက်ပြီး နေပြည်တော်ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများအနေနဲ့ သန့်ရှင်းသော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရေးအတွက် ဆိုလာစနစ်များ တပ်ဆင်အသုံးပြုကြရန် အလေးထားညွှန်ကြားထားရှိပါကြောင်း၊ ထိုကဲ့သို့ညွှန်ကြားဆောင်ရွက်ခဲ့မှု၏ရလဒ်အဖြစ် ယနေ့အချိန်မှာ ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၁) လုံးတွင် ဆိုလာစနစ် များကို တပ်ဆင်အသုံးပြုလျက်ရှိနေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေအတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ Solar စွမ်းအင်တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် အရောင်းပြသခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ဟိုတယ်နှင့် တည်းခိုရိပ်သာ (၁၇) လုံးမှ ဆိုလာစွမ်းအင်တပ်ဆင်နိုင်ရေးအတွက် Site Survey ကောက်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိတာကို သိရှိရပါကြောင်း ၊ဒါ့အပြင် ပုဂ္ဂလိကကဏ္ဍအနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည့် လုပ်ငန်းများတွင် အစိုးရကဏ္ဍ၏ ပူးပေါင်းကူညီမှုလိုအပ်ချက်များ၊ မူဝါဒပိုင်းဆိုင်ရာ အခက်အခဲများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ လိုအပ်ချက်များနှင့် အခြားလိုအပ် ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း၊ အစိုးရကဏ္ဍအနေဖြင့်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တတ်နိုင်သမျှ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် နေပြည်တော်ကောင်စီဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး ဦးဇော်လွင်ထက်မှ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)