မင်းလှ ဇွန် ၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီခွဲချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ အင်းမတန်းကျေးရွာ၊ မြစိမ်းဘုန်းတော်ကြီးတိုက်၏ ရှေ့ရွာလယ်လမ်းမတည့်တည့် မြေပြင်အောက် (၆) ပေခန့်အကွာမှ အလျား (၄၀) ပေ၊ လုံးပတ် (၉) ပေ၊ တန်ချိန် (၄.၀၅) တန်ရှိ ကျွန်းသစ်လုံး တစ်လုံးအား တူးဖော်ရရှိမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါတူးဖော်ရရှိသည့် ကျွန်းသစ်လုံးနှင့် တူးဖော်ခဲ့သည့်အခြေအနေများအား ဝန်ကြီး ဦးကျော်ကျော်လင်းက ကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင်သစ်တောဦးစီးဌာနမှူး ဦးစိုးဝင်းနိုင်နှင့် တာဝန်ရှိသူများက တူးဖော်တွေ့ရှိမှု အခက်အခဲများကို တင်ပြခဲ့ကြသည်။
ထို့နောက် ဝန်ကြီးက သစ်တောဦးစီးဌာနနှင့် တာဝန်ရှိသူများအား ကျွန်းသစ်လုံများ ထပ်မံတွေ့ရှိနိုင်ရေးအတွက် ဆက်လက်တူးဖော်ရန်နှင့် လိုအပ်သည့် စက်ယန္တရာများကို ကူညီပံ့ပိုးပေးမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)