ဖောင်းပြင်မြို့နယ်တွင် ရက် ၁၀၀ စီမံချက်ဖြင့် (EM ဘိုကာရှီ) သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ဖောင်းပြင် ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရက် ၁၀၀ စီမံချက်ကာလအတွင်း တောင်သူများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် အယ်နီညိုရာသီဥတုကြောင့် သီးနှံအထွက်နှုန်းထိခိုက်နိုင်မှုအား ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် (EM ဘိုကာရှီ) သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကို မေ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပင်သာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းက (EM ဘိုကာရှီ) သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် EM ဖျော်ရည်ပြုလုပ်နည်း၊ (EM ဘိုကာရှီ) သဘာဝမြေဩဇာပြုလုပ်နည်းများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဝန်ထမ်းများက (EM ဘိုကာရှီ) သဘာဝမြေဩဇာပြုလုပ်နည်း အဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြသဆောင်ရွက်ကြပြီး EM ဖျော်ရည်ပြုလုပ်နည်း၊ သုံးစွဲနည်းနှင့် EM ဖျော်ရည်ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ဆက်လက်၍ အသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းဇော်က အမှာစကား ပြောကြားသည်။

ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ဝင်းက စိုက်ပျိုးရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဝေလင်းထွန်က မွေးမြူရေးဆိုင်ရာများနှင့် ပတ်သက်၍လည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီး မှူးဦးဝင်းမင်းထွန်းက လယ်ယာမြေဆိုင်ရာသိကောင်းစရာများနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ တာဝန်ခံဦးသန်းဇော်ဝင်းက သစ်ပင်သစ်တောစိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိလာမည့် အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)