မှော်ဘီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၌ လူငယ်များ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းနှင့် ဝေဖန်ပိုင်းခြားနိုင်သည့် စဉ်းစားတွေးခေါ်မှုရှိသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက လူငယ်တစ်ဦးချင်းစီတွင် ရှိသင့်သည့် ဗလငါးတန်ခေါ် အင်အားငါးမျိုးဖွံ့ဖြိုးတိုးတက်ရေးက မြန်မာ့ပညာရေးနှင့် လူ့အဖွဲ့အစည်းတွင် အလွန်အရေးကြီးသည့် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီ၏ ဘဝအောင်မြင်ရေးအတွက် ဗလငါးတန်ကို မျှတအောင်တည်ဆောက်ရန် လိုအပ်ပါကြောင်း ကြိုးစားလျှင် ကြိုးစားသလောက် အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်ပါကြောင်း ဗလငါးတန်ဖွံ့ဖြိုးလာစေရေး အကြောင်းအရာများအား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သဲနုဝေက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကိုလည်းကောင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ခင်မေထွဋ်က လူကုန်ကူးမှုအကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားကာ လူငယ်များသိရှိလိုသည်များအား မေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းနှင့် တာဝန်ရှိသူများက သိရှိလိုသည်များအား ရှင်းလင်းဖြေကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မြို့နယ်လှုပ်ရှားမှု နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေးစာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသထားမှုအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ဝင်းဇော်