ထန်းတပင်မြို့နယ်၌ လူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ထန်းတပင် ဇွန် ၈

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ ရက် (၁၀၀) စီမံချက်ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်း (ဆပ်ပြာမျိုးစုံ) ပြုလုပ်နည်းသင်တန်းကို ဇွန်လ (၈) ရက်နေ့က ထန်းတပင်မြို့နယ်၊ ရေစိုကျေးရွာ၊ ငြိမ်းအေးရိပ်ဓမ္မာရုံတွင် ဖွင့်လှစ်ခဲ့ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီအေးနှင့် မှော်ဘီခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင်းတို့က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

ဆက်လက်၍ သင်ထောက်ကူပစ္စည်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့ထံ ပေးအပ်ခဲ့ကြပြီး သင်တန်းကို (၅) ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)