မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို နည်းပညာတက္ကသိုလ်(မကွေး) ၂၀၂၆ ခုနှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး ဇွန်

နည်းပညာတက္ကသိုလ်(မကွေး) ၂ဝ၂၆ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မကွေး) ဖူဆယ်အားကစားကွင်းရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊  နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံနှင့်ကျောင်းများမှ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစား မောင်မယ်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက နည်းပညာတက္ကသိုလ်(မကွေး)၏ ၂၀၂၆ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲမှာ အားကစားနည်း (၆)မျိုးဖြစ်တဲ့ ဖူဆယ်၊ ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်နဲ့ e-Sport စတဲ့ အားကစားနည်းတွေ ထည့်သွင်းယှဉ်ပြိုင်ကြမယ်လို့သိရကြောင်း၊ ယနေ့တက်ရောက် ပညာသင်ကြားနေကြတဲ့ ကျောင်းသား၊ကျောင်းသူများအနေနဲ့ ပညာတော်၍ ကျောင်းနေပျော်စေရန်၊ ဗလ(၅)တန် ပြည့်ဝသည့် ကျောင်းသား၊ကျောင်းသူများဖြစ်လာစေရန် ရည်ရွယ်ချက်တွေနဲ့ အခုလိုအားကစားပွဲတွေ ကျင်းပတာဖြစ်ပါကြောင်း၊  ဒီလို တက္ကသိုလ်တွေမှာ အားကစားပွဲတွေ ကျင်းပခြင်းဖြင့် အားကစားဝါသနာရှင်တွေ ထွက်ပေါ်လာပြီး တိုင်းဒေသကြီးဂုဏ်၊ နိုင်ငံ့ဂုဏ်ကိုပါ ဖော်ဆောင်နိုင်တဲ့ အားကစားသမားများဟာလည်း တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများမှ ပေါ်ထွက်လာကြတာဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတက္ကသိုလ် အားကစားပွဲမှ တစ်ဆင့်နိုင်ငံ့အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်ကလည်း လူငယ်တွေ အားကစားလှုပ်ရှားမှုရှိစေဖို့ ပံ့ပိုးနေသလို တက္ကသိုလ်ကလည်း အဆောင်တွေမှာပါ အားကစားလိုက်စားနိုင်ဖို့ အားကစားပစ္စည်းတွေ ဖြည့်ဆည်းပေးထားတယ်လို့သိရပြီး၊ အကျိုးရှိအောင် စနစ်တကျအသုံးချသွားကြပါလို့ မှာကြားလိုပါကြောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အနေနဲ့လည်း နည်းပညာတက္ကသိုလ်ရဲ့ လိုအပ်ချက်တွေကို အစဉ်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်(မကွေး)မှာ (၁၆၂၈)ဦး ပညာသင်ကြားနေတဲ့ အထဲက ဘာသာရပ်အလိုက် ထူးချွန်တဲ့ အားကစားသမားများ ရွေးချယ်ပြီး အခုလိုပြိုင်ပွဲတွေ ကျင်းပပေးတဲ့ နေရာမှာ(၃၂၀)ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ကြောင်းသိရပြီး၊ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ပညာရေးနဲ့ အားကစားမှာသာမက အစစအရာရာ အချိန်ပိုမိုရရှိတာကြောင့် စွမ်းဆောင်ရည်တွေ မြင့်မားအောင် အချိန်ကိုတန်ဖိုးရှိရှိအသုံးချစေလိုပါကြောင်း၊ တက္ကသိုလ်ကျောင်းသား ဘဝမှာ ရရှိနိုင်တဲ့ University Life ကို ပြည့်ဝစွာရရှိဖို့ ကျောင်းချိန်ပြင်ပတွေမှာ မိမိစိတ်ပါဝင်စားတဲ့ အားကစား၊ အနုပညာ၊ ဂီတ၊ စာပေတွေကိုပိုမိုလေ့လာကြပါလို့ တိုက်တွန်း လိုပါကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အနေနဲ့  ပညာတွေ ဆက်လက်သင်ယူရင်း ပျော်ရွှင်စရာကောင်းတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ တက္ကသိုလ်လက်ရွေးစင်အားကစားမှ နိုင်ငံတော်အဆင့် လက်ရွေးစင်အားကစားသမားတွေဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားကာ၊ ၂ဝ၂၆ ခုနှစ်၊ ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ အားကစားအဖွဲ့မှ  အားကစာသစ္စာအဓိဋ္ဌာန်ရွက်ခဲ့ကြပြီး၊ ကွင်းအတွင်းမှ  ပြန်လည်ထွက်ခွာကာ၊ နည်းပညာတက္ကသိုလ်(မကွေး) မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရွန်နစ် အင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနတို့မ  ကျောင်းသား၊ကျောင်းသူများက အားကစားတေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူထံ အားကစားပစ္စည်းများပေးအပ်ကာ၊ တက္ကသိုလ်ကြက်ခြေနီအသင်းအား ပံပိုးငွေနှင့် တိုင်းဒေသကြီး လက်ရွေးစဉ် စစ်တုရင် အားကစားသမား မောင်မျိုးမြင့်မောင်နှင့်ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)