ပန်းတနော် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူများ လုပ်အားခနှင့် မျိုးစေ့ကုန်ကျစရိတ် သက်သာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် ခေတ်မီလယ်ယာသုံးကိရိယာများ အသုံးပြုနိုင်ရေး လှုံ့ဆော်မှုတစ်ရပ်အနေဖြင့် ပေပင်မြောက်ကျေးရွာအုပ်စု၊ ဘုရားနှစ်ဆူကျေးရွာရှိ လယ်မြေတွင် စပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးမှု ကွင်းသရုပ်ပြပွဲကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Drum Seeder ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းကို ပန်းတနော်မြို့နယ်၊ ပေပင်မြောက်အုပ်စု၊ ဘုရားနှစ်ဆူကျေးရွာရှိ ကွင်းအမှတ် (၆၃၃)၊ ဦးပိုင်အမှတ် (၄၅) ရှိ တောင်သူ ဦးသန်းနိုင်ဦး၏ လယ်မြေ (၄.၀၀) ဧကပေါ်တွင် လက်တွေ့ကွင်းသရုပ်ပြ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား Drum Seeder စနစ်ကို အသုံးပြုခြင်းဖြင့် မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ သာမန်ကြဲပက် စနစ်နှင့် နှိုင်းယှဉ်ပါက မျိုးစေ့နှုန်းထားကို စနစ်တကျထိန်းညှိပေးနိုင်ခြင်း၊ လုပ်အားခနှင့် အချိန်ကုန် သက်သာခြင်း၊ ကောက်စိုက်သမ ရှာဖွေရသည့် အခက်အခဲကို ကျော်လွှားနိုင်ပြီး လျင်မြန်စွာ စိုက်ပျိုးနိုင်ခြင်း၊ ပင်ကြားတန်းကြား ညီညာခြင်း၊ ပင်ကြားတန်းကြား ညီညာသည့်အတွက် ပေါင်းမြက်နှိမ်နင်းခြင်း၊ မြေဩဇာကျွေးခြင်းနှင့်ရိတ်သိမ်းခြင်းလုပ်ငန်းများကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်းကြောင့် အထွက်နှုန်းကို ပိုမိုတိုးတက်စေကြောင်း အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)