တောင်ကြီး ဇွန် ၉
၂၀၂၆ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ်အမျိုးသား၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ဘော်လီဘောအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဘော်လီဘောလက်ရွေးစင် အမျိုးသား၊အမျိုးသမီးအသင်းတို့မှ တစ်ဦးချင်းမိတ်ဆက်ကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အသင်းအနေဖြင့် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ မိမိပြည်နယ်အတွက် အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးကြရန်နှင့် ရှမ်းပြည်နယ်ရဲ့ အားကစားအဆင့်အတန်းမနိမ့်ကျဘူးဆိုတာကို သက်သေထူကြရန်မှာကြားလိုကြောင်း၊ အားကစားသမားများအား ပြိုင်ပွဲကာလအတွင်း အစားအသောက်၊ အနေအထိုင်၊ အသွားအလာများကိုဆင်ခြင်ပြီး စည်းကမ်းရှိရှိ နေထိုင်သွားလာစားကြရန်နှင့် ကျန်းမာရေးကိုအထူးဂရုစိုက်ကြရန်၊ အုပ်ချုပ်သူနည်းပြများ၏ သွန်သင်ဆုံးမမှုများကိုလည်း နာခံမှတ်သားကြရန်ပြောကြားလိုကြောင်း၊ ပြိုင်ပွဲစည်းမျဥ်း၊စည်းကမ်းများကို လေးစားလိုက်နာကြပြီး အားကစားစိတ်ဓါတ်ကိုအရင်းခံကာ မိမိတို့၏ အားကစားအရည်အချင်းများကို အကောင်းဆုံးထုတ်ဖော်ပြသ ယှဥ်ပြိုင်ကစားသွားကြရန်နှင့် အသင်း၏ စည်းလုံးညီညွှတ်မှုအား၊ စိတ်ဓါတ်ခွန်အားတို့ဖြင့် ယှဥ်ပြိုင်ကစားပြီး ပထမတံခွန်စိုက်ဆုဖလားကြီးရယူကာ ရှမ်းပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်အောင် အထူးကြိုးစားကစားကြရန် အားပေးပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရှမ်းပြည်နယ်ဘော်လီဘော လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ်ငွေများပေးအပ်ရာ ရှမ်းပြည်နယ် ဘော်လီဘောအသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများမှလက်ခံရယူပြီး ရှမ်းပြည်နယ် ဘော်လီဘောဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌတို့မှ အလှူငွေများ ပေးအပ်ကြကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ်ဘော်လီဘော အသင်းနည်းပြချုပ် ဦးဌေးအောင်မှ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အဆိုပါ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား၊အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကိုရှမ်းပြည်နယ်မှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲများကို ဇွန်လ(၁၀)ရက်မှ(၁၉)ရက်ထိ ပြည်နယ်လေ့ကျင့်ရုံကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)